အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ လုံးကောက်အုပ်စု၊ ထန်းချောင်းကျေးရွာတွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကျရောက်ခဲ့သည့်အတွက် ဒေသခံများတိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။

အမ်း-မအီ ကားလမ်းမပေါ်ရှိ ထန်းချောင်းရွာတွင် ယမန်နေ့ မတ်လ ၂၆ ရက်၊ ညနေ ၃ နာရီချိန်တွင် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် နှစ်လုံးသည် ကျေးရွာတွင်းနှင့် ကျေးရွာအနီးလယ်ကွင်းထဲသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။

“ဗုံးတစ်လုံးက ရွာလယ်တည့်တည့် ကားလမ်းပေါ်မှာ ကျပြီး နောက်တစ်လုံးက ရွာအပြင် လယ်ကွင်းမှာ ကျတယ်။ ဗုံးသီးတွေက မပေါက်ကွဲလို့ လူထိခိုက်မှုတော့မရှိဘူး။ ရွာသားတွေ ကြောက်လန့်ပြီး တစ်ခြားရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေပြီ။ အခုအဲ့ဒီ လက်နက်ကြီးကျည် မပေါက်ကွဲတဲ့ နေရာမှာ အုတ်နဲ့ ဝိုင်းထားပါတယ်” ဟု ထန်းချောင်းရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထန်းချောင်းရွာသည် အမ်းမြို့နှင့် ခုနှစ် မိုင်ခန့် ကွာဝေးပြီး အိမ်ခြေ ၂၀၀ ခန့်ရှိကာ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာလည်းဖြစ်သည်။ ၎င်းကျေးရွာသည် ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ် ထားသည့် အမ်းမြို့နယ်အတွင်းပါဝင်သည်။

လုံးကောက်အုပ်စုတွင် ပြီးခဲ့သည့် မတ်လ ၂၄ ရွာနေ့ကလည်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီကြား ဖြစ်ပွားသည့် တိုက်ပွဲတွင်း လုံးကောက်ကျေးရွာနှင့် ပြောင်သေရွာမှ ချင်းပြည်သူများသည် ဘေးလွတ်ရာ တောင်ယာ၊ စိုက်ခင်း၊ ဥယာဥ်ခြံနှင့် တစ်ခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ပုံစာ- ထန်းချောင်းရွာတွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည် မပေါက်ကွဲဘဲ တွေ့ရစဥ်။
#ရခိုင် #အမ်းမြို့ #စစ်ကောင်စီ #လက်နက်ကြီးကျည် #ရက္ခိုင့်တပ်တော် #AA #Ayeyarwaddy_Times