ဧရာဝတီတိုင်းမ်
(မင်းလှ)၊ မတ် ၂၇ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ပေါ်ရှိ နာမည်ကြီး ပျူစောထီးတစ်ဦးဖြစ်သူ ဦးမျိုးမြင့်အောင်ဆိုသူကို ယမန်နေ့ မတ် ၂၆ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်က သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃ နှင့် မင်းလှပကဖ အဖွဲ့မှ ပူးပေါင်းကာ မင်းလှမြို့ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပျူစောထီး ဦးမျိုးမြင့်အောင်(ခ)အောင်အောင်သည် မင်းလှမြို့နှင့်အနီးတဝိုက်တွင် ပြည်သူများကိုဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများဖြင့် နာမည်ကြီးနေသည့် စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်ပြီး ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ၁၂ ချက်ခန့် ပစ်ခတ်ခံရပြီးနောက် ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့ကြောင်း သိရသည်။

“သူ့(ဦးမျိုးမြင့်အောင်)ကို ရှင်းနိုင်ဖို့ လိုက်နေတာတစ်နှစ်ကျော်ပြီ။ အခုထိလိုက်လို့မရတော့ မြို့ပေါ်အိမ်ထဲထိဝင်ပစ်လိုက်တာ။ သူက ခမရ-၁က ဗိုလ်တွေနဲ့လည်းရင်းနှီးတော့ သူ့ကိုသေနတ် အတိုတလက် အရှည်တစ်လက်ထုတ်ပေးထားတာ။ သူ့ကိုလူတိုင်းသိတယ်။ စစ်တပ်ထောက်ခံတာ ငွေညှစ်တာ ခြိမ်းခြောက်တာ။ သူ့ကိုပစ်တုန်းက သူ့မိန်းမက ကျွန်တော်တို့ရဲဘော်တွေကို ကတ်ကြေးနဲ့ပြန်ထိုးဖို့ပြေးထွက်လာသေးတယ်။ ကျွန်တော်တို့ ဘာမှ မလုပ်ခဲ့ပါဘူး။ သူ(ဦးမျိုးမြင့်အောင်)ကတော့ ရန်ကုန်‌ မင်္ဂလာဒုံဆေးရုံကို ပို့တာ ကြံခင်းနားမှာသေသွားတယ်လို့ သိရတယ်” ဟု မင်းလှမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးမျိုးမြင့်အောင်သည် ယခင်က ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင်တစ်ဦး ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျူစောထီးဦးမျိူးမြင့်အောင်သည် မင်းလှမြို့ပေါ်တွင် အမျိုးသမီးနှစ်ဦးကို ကားနှင့်တိုက်၍ ဖမ်းဆီးရန်ကြိုးစားဖူးသူဖြစ်ပြီး မြို့ပေါ်တွင်လည်း ဒေသခံများကို ငွေညှစ်ခြင်း၊ ဖမ်းဆီးရန်စေခိုင်းခြင်း၊ စစ်ကောင်စီတပ်နှင့်အတူ PDF စခန်းများကို ဝင်ရောက်စခန်းသိမ်းခြင်းများ ပြုလုပ်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်း၏ တိုင်ကြားဖမ်းဆီးမှုကြောင့် ထောင်ဒဏ် နှစ် ၂၀ နှင့် အထက်ကျခံနေရသူများလည်းရှိကာ ထောင်ကျနေခံ‌နေရသူ ၁၀ ဦးနှင့်အထက်ရှိပြီး အမျိုးသမီး သုံး ဦးမက ပါဝင်ကြောင်းလည်း သိရသည်။

သာယာဝတီခရိုင်အတွင်း စစ်ကောင်စီက စစ်မှုထမ်းရန် ထုတ်ပြန်ပြီးနောက် ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အရေအတွက် ၁၀ ဦးနှင့်အထက်ရှိပြီဖြစ်ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ- ပျူစောထီးဦးမျိုးမြင့်အောင်
#မင်းလှ #ပျူစောထီး #ပစ်သတ်ခံရ #PDF #လက်နက်ကိုင်ဆောင် #Ayeyarwaddy_Times