နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ တွင် ပေါက်ကွဲခြင်းမရှိဘဲ ကျန်နေသည့် ပေါင် ၃၀၀ ဗုံးသီးကို ယမန်နေ့ မတ် ၂၆ ရက်နေ့တွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) က ပြန်လည်တူးဖော်၍ လက်နက်ခဲယမ်းအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပုလဲနယ်အတွင်း လူနေထူထပ်သည့် ကျေးလတ် ဒေသများကို ပေါင် ၃၀၀ နှင့် ပေါင် ၅၀၀ ဗုံးများကို ကြဲချခဲ့ရာတွင် ပေါက်ကွဲခြင်းမရှိဘဲ ကျန်နေသည့် ပေါင် ၃၀၀ ဗုံးကို BNRA က သွားရောက်တူးဖော်၍ ခဲယမ်းအဖြစ်ပြန်လည် အသုံးပြု မည်ဖြစ်ကြောင်း သိရသည်။

“ဒီဗုံးသီးကိုတော့ ကျွန်တော်တို့က ဖြုတ်ရမှာပေါ့နော်။ ဖြုတ်ပြီး အထဲမှာ ပါလာတဲ့ ခဲယမ်းတွေကိုတော့ ဒရုန်းဗုံးသီးနဲ့ အခြားဗုံးသီးတွေပြန်လုပ်ရမှာပါ။ ရန်သူ့လက်နက် ကိုယ်လက်နက် ရန်သူကျည်ဆံ ကိုယ့်ကျည်ဆံ၊ ရန်သူ့ဗုံးကိုယ်ဗုံးဆိုပြီး ပြန်အသုံးပြုမှာ” ဟု ဗုံးတူးဖော်ခဲ့သည့် BNRA အထူးတပ်ဖွဲ့မှ ရဲဘော်ကိုလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပုလဲမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသီးများ၊ ပေါင် ၃၀၀ ဗုံးသီးများကို လာရောက် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဗုံးစတင်ဖော်ဆောင်တဲ့ ရဲဘော်တွေအနေနဲ့ကတော့ ရင်ခုန်တာပေါ့ဗျာ။ ဒါပေမယ့် ကျေးရွာတွေနဲ့အရမ်းနီးကပ်ပြီး ဗုံးပေါက်ကွဲမှာကိုလည်း ဒေသခံတွေက စိုးရိမ်ထိန့်လန့် မှုတွေရှိတယ်။ လက်ရှိ မြို့နယ်ထဲမှာ ရှိတဲ့တော်လှန်ရေးအဖွဲ့တွေကလည်း မဖော်ရဲကြဘူး။ ကျေးရွာလူထုက အကူအညီတောင်းလာလို့ ဖော်တာလည်းပါတယ်” ဟု ရဲဘော်ကိုလတ်က ဆိုသည်။

ပုံစာ-စစ်ကောင်စီက လေကြောင်းမှ ကြဲချခဲ့သည့် ပေါင် ၃၀၀ ဗုံးသီးကို ပြန်လည်တူးဖော်နေစဉ်

#လေကြောင်းမှဗုံးကြဲ #ပေါက်ကွဲခြင်းမရှိ #ပေါင်၃၀၀ဗုံးသီး #BNRA #ပြန်လည် တူးဖော်၍ #လက်နက်ခဲယမ်းအသုံးပြု #Ayeyarwaddy_Times