ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့နယ်အတွင်းရှိ စိုက်ဘဏ်ချေးငွေ ပေးရန်ကျန်ရှိသော တောင်သူများကို ဧပြီလအတွင်း နောက်ဆုံးထားကာ အမြန်ဆုံးပြန်ဆပ်ရန်နှင့် မဆပ်ပါက အရေးယူမည်ဖြစ်ကြောင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်လံခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှသိရသည်။

“ရွာအုပ်ချုပ်ရေးမှူးစိုက်ဘဏ်ချေးငွေခု ဘတ်ဂျတ်မပိတ်ခင် ဧပြီလအတွင်းအကုန် ပြန်ဆပ်ဖို့နဲ့ မဆပ်ရင် အဖမ်းခံရမယ်။ လယ်လဲအသိမ်းခံရမယ်လို့လဲပြောတယ်”ဟု ပုသိမ် မြို့နယ်အတွင်းမှ တောင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပုသိမ်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများတွင်ကြွေးဆပ်ရန် ကျန်ရှိသောတောင်သူများကို စစ်ကောင်စီ လက်အောက်ခံ စိုက်ဘဏ်ရုံး၏ ညွန်ကြားချက်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ မှခေါ်ယူကာ အမြန်ဆုံးပြန်မဆပ်ပါက ဖမ်းဆီးမည်ဟု လိုက်လံခြိမ်းခြောက်ခဲ့ကြောင်းသိရှိရသည်။

လက်ရှိအချိန်တွင် ဓါတ်မြေသဩဇာဈေးများမြင့်တက်နေခြင်း၊ စက်သုံးဆီလိုသလောက်၀ယ်၍ မရခြင်းများကြောင့် အခက်အခဲများရင်ဆိုင်နေရပြီး ဘဏ်ချေးငွေ ပေးဆပ်ရန်အခက်အခဲများရှိနေကြောင်း လယ်သမားတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင်လည်းမတ်လ အကုန်မှ စတင်ကာ စိုက်ဘဏ် ၏ညွန်ကြားချက်ဟုဆိုကာ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများမှ ချေးငွေကို အမြန်ဆုံးပြန်ဆပ်ရန် ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းမှုများပြုလုပ်နေကြောင်း သိရသည်။

#ပုသိမ်မြို့နယ် #လယ်သမား #စိုက်ဘဏ်ချေးငွေ #အုပ်ချုပ်ရေးမှူး #Ayeyarwaddy_Times