ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၂၇ ရက်

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ပင်ခဲ့သည့် မင်းတပ်-ကျောက်ထုလမ်းနှင့် မင်းတပ်-ဆောလမ်းပိုင်းတို့ကို ယနေ့ မတ် ၂၇ ရက်နေ့တွင် စတင်၍ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်ဘက်သို့ စစ်ကောင်စီက စစ်သည်အင်အား၊ လက်နက်ရိက္ခာဖြည့်တင်းရန် စစ်ဆင်ရေးလုပ်ဆောင်လာမှုကြောင့် တန်ပြန်စစ်ဆင်ရေးပြင်ဆင်ရန်နှင့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှ အဆိုပါလမ်းပိုင်းတို့ကို ယာယီပိတ်ပင်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက မင်းတပ်-ကျောက်ထုလမ်းပိုင်းတွင် အင်အား ၃၀၀ ခန့်ရှိသော စစ်ကြောင်းကို တပ်ဖြောက်၍ လှုပ်ရှားမှုများပြုလုပ်ထားခြင်းကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်လည်း အသိပေးထားသည်။

မင်းတပ်-ကျောက်ထုလမ်းပိုင်းနှင့် မင်းတပ်-ဆောလမ်းပိုင်းတို့ကို ဖြတ်သန်းသွားလာခွင့်ပြန်လည်ခွင့်ပြုမှုနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဓာတ်ပုံ-CDF-မင်းတပ်
#ယာယီပိတ်ထား #မင်းတပ် #ကျောက်ထု #ဆောလမ်းပိုင်း #ပြန်လည်အသုံးပြုခွင့်ပြု #Ayeyarwaddy_Times