ဧရာဝတီတိုင်းမ်
(ကျင်ဒွေး)၊ မတ် ၂၆ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး လက်ရှိ မတ် ၂၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်ဘက်မှ ရက္ခိုင့်တပ်တော်(AA) ကလည်း ပူးပေါင်းတိုက်ကူပေးနေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခြင်းကြောင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သလို ရဟတ်ယာဉ်ဖြင့် စစ်ကူအင်အားဖြည့်တင်းမှုများလည်း အကြိမ်ကြိမ်ပြုလုပ်နေကြောင်းမြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

“ကျင်‌ဒွေးမှာဆိုရင် တိုက်ပွဲအပြင်းအထန်ရှိတယ်။ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၁၂ ကြိမ်တိတိ လာပြီး ဗုံးကြဲတိုက်ခိုက်တယ်။ ရဟတ်ယာဉ်နဲ့လည်း ၆ ကြိမ်ထက်မနည်း စစ်သည်အင်အားချပေးတယ်။ တိုက်ပွဲနေရာတွေကို ချပေးတာရှိတယ်။ ကျင်ဒွေးတိုက်ပွဲက သုံးလခန့်ရှိနေပြီပေါ့နော်။ လတ်တလောအနေနဲ့က ပြီးခဲ့တဲ့ တစ်ပတ်လောက်က အားလုံးလည်း သတင်းကြားကြမယ်ပေါ့နော်။ တရားဝင်ထုတ်ပြန်မှုမရှိပေမယ့်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)က ကျင်းဒွေးမြို့အတွက် စစ်ကူခေါ်ထားတာရှိတယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ကလည်း စစ်ကူပေးတာ၊ ပူးပေါင်းတိုက်ပွဲဝင်တာရှိတယ်”လို့ ကျင်ဒွေးမြို့၊ မြို့သိမ်းတိုက်ပွဲအခြေအနေကို ချင်းကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)က မြို့သိမ်းတိုက်ပွဲအတွက် ရက္ခိုင့်တပ်တော်ကို စစ်ကူခေါ်ထားပြီး ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် တစ်ပတ်ခန့်မှ စတင်၍ စစ်မြေပြင်သို့ ရောက်လာရှိလာခဲ့ကြောင်းသိရသည်။

ရက္ခိုင့်တပ်‌တော်(AA)တပ်ဖွဲ့ဝင်များ ကန်ပက်လက်မြို့ဘက်သို့ စစ်ကူလာရောက်ချိန်တွင် မတူပီမြို့နယ်ကို ဖြတ်သန်းလာမှုကြောင့် ချင်းပြည်သူများက စိုးရိမ်မှုများမြင့်တက်နေကြပြီး စစ်ကူခေါ်မှုနှင့် ပတ်သက်၍ ကန်ပက်လက်မြို့နယ်၊ တိုက်နယ် ၅ နှင့် တိုက်နယ် ၇ တို့က ကန့်ကွက်ကြောင်းထုတ်ပြန်ထားသည်။

“အဓိက ကျွန်တော်တို့ ပြောချင်တာကတော့ ကျင်ဒွေးတိုက်ပွဲအတွက် စစ်ကူခေါ်တဲ့အတွက် အဲ့ဒီကိုလာဖို့အတွက် ရက္ခိုင့်တပ်တော်(AA)က နယ်မြေဖြတ်သန်းလာတာပဲဖြစ်တယ်။ ဒါကို အကြောင်းပြုပြီးတော့မှ အထူးသဖြင့် ကန်ပက်လက်ဒေသ တိုက်နယ် ၅ နဲ့ ၇ က ပြည်သူတွေကို အကာအကွယ်ယူပြီးတော့ စစ်ကူလာတဲ့ဟာကို ကန့်ကွက်တယ်။ ဒီနယ်မြေတွေမှာ ရက္ခိုင့်တပ်တော်လာကို မကြိုက်ကြဘူးဆိုပြီးမှ ထုတ်ပြန်တာတွေရှိတယ်ပေါ့လေ။ ဒါတွေက တဖက်မှာ စစ်ကောင်စီကို သတင်းပေးသလိုမျိုး၊ လုံခြုံရေးစည်းပေါက်တာတွေမျိုးအများကြီးရှိတယ်။ ပြီးခဲ့တဲ့အပတ်က ရက္ခိုင့်တပ်တော်ရဲ့ စစ်ကားတစ်စီးကို စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တာတွေလုပ်ခဲ့လို့ မီးလောင်တာ၊ ထိခိုက်ကျဆုံးတာတွေရှိတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ဝင်တစ်ဦးက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီက ကျင်ဒွေးမြို့ဖက်သို့ စစ်ကူနှင့် ထောက်ပို့များမသွားနိုင်အောင် မင်းတပ်-ကျောက်ထုကြားတွင် အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းကို တပ်ဖောက်၍ လှုပ်ရှားမှုများပြုလုပ်နေပြီး ကျင်ဒွေးမြို့သို့ လက်နက်ခဲယမ်းဖြည့်တင်းရန်ဟု ယူဆရသော စစ်ကောင်စီယာဉ် ၁၀၃ စီးလည်း ပခုက္ကူမြို့မှ ဦးတည်တက်လာနေကြောင်းသိရသည်။

ဓာတ်ပုံ-CDF-ကန်ပက်လက်
#ကျင်ဒွေးမြို့ #တိုက်ပွဲပြင်းထန် #စစ်ကောင်စီတပ် #လေကြောင်းတိုက်ခိုက်မှုများ #ရဟတ်ယာဉ် #စစ်ကူများချပေးနေ #Ayeyarwaddy_Times