ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

ဧရာဝတီတိုင်း ၊ လပွတ္တာမြို့တွင် မတ်လ ၂၅ ရက်၊ ညနေ ၄ နာရီခန့်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂၀ကျော်ပျက်စီးဆုံးရှုံးခဲ့ကာ ဒေသခံအချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။

လပွတ္တာမြို့၊အမှတ်(၈)ရပ်ကွက် ၊သီတာလမ်းရှိ နေအိမ် တစ်လုံးမှ ပေါဆမီးကြောင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လမ်းရှိ နေအိမ် ၂၆လုံးကိုပါမီးကူးစက်ပြီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းမီးသတ်၏ မှတ်တမ်းများအရသိရသည်။

“အိမ်တွေက ကပ်ဆောက်ထားတော့လောင်အား ကောင်းတယ် ဒေသခံတွေဝိုင်းကူညီလို့ လပွတ္တာမှာ ဒီတစ်ခါလောင်တာ မီးအကြီးဆုံးပဲ”ဟု မီးသတ်တပ်ဖွဲ့၀င်တစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

မီးလောင်မှုကြောင့် မီးလောင်ဒဏ်ရာရရှိခြင်းနှင့် မီးခိုးမွန်ကာအသက်ရူကြပ်သောကြောင့် လပွတ္တာဆေးရုံကို ပို့ဆောင်ထားရသူ ခြောက်ဦးရှိပြီး အမျိုးသမီး တစ်ဦးမှာ အရေးပေါ် လူနာအဖြစ်ဆေးကုသမှုခံယူ နေရကြောင်း လူမှုကူညီရေးအဖွဲ့များထံမှသိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးမှုစုစုပေါင်းနေအိမ် ၂၆လုံး၊ မီးဘေးဒုက္ခသည်၁၂၅ ဦးရှိကြောင်းသိရသည်။

လက်ရှိတွင်မီဘေးသင့်ခဲ့သော အိမ်ထောင်စု ၂၆စု ကိုစာသင်ကျောင်းတစ်ခုတွင်နေရာချထားပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်အား ပုဒ်မ ၂၈၅ဖြင့် လပွတ္တာမြို့မရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သိရှိရသည်။

#လပွတ္တာမြို့ #မီးလောင်မှု #နေအိမ်၂၆လုံးဆုံးရှုံး #လူ၆ဦးထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times