ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၆ ရက်

တနင်္သာရီ တိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာရှိ စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသမီးတစ်ဦးကိုဖမ်းဆီးခဲ့ပြီး ထွက်ပြေးရန်ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ – Special Guerrilla Force (S.G.F) က ယမန်နေ့ မတ် ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) သည် ပြီးခဲ့သည့် မတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က ဝေဒီရွာရှိ စစ်ကောင်စီသတင်းပေးဆိုသူ အသက် ၄၀ ကျော် အရွယ် ဒေါ်မူမူအေးကို နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းရန်အတွက် စခန်းသို့ခေါ်ဆောင်လာခဲ့ကြောင်းသိရသည်။

“သူက စစ်တပ် သတင်းပေးအကြီးစားပေါ့။ စစ်သင်တန်းတက်ပြီး PDF တပ်ဖွဲ့တွေ ရှိတဲ့ နေရာကို လိုက်စုံစမ်းနေတာတဲ့။ ဒေါ်မူမူအေး ရဲ့ ထွက်ဆိုချက်အရ အပြစ်ရှိလို့ လုံခြုံတဲ့နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားမယ်ဆိုပြီး ပို့ဆောင်တယ်။ လမ်းမှာပဲ သူက ထွက်ပြေးဖို့ သုံးကြိမ်တိုင်တိုင်ကြိုးစားတယ်။ ဒါကြောင့် ကျွန်တော်တို့ ပစ်ခတ်ရှင်းလင်းလိုက်တယ်”ဟု အထူးပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ယင်းနောက် ဒေါ်မူမူအေးထံမှ စစ်ကောင်စီတပ်နှင့် ဆက်သွယ်ထားသော ဖုန်းနံပါတ်များ နှင့် စာရွက်စာတမ်းအချို့ ၊ မှတ်ပုံတင်အပြင် ငွေသားအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်ချက်ကို အထူးပြောက်ကျားတပ်ဖွဲ့ -Special Guerilla Force က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ- စစ်ကောင်စီသတင်းပေးဆိုသူ ဒေါ်မူမူအေး
#လောင်းလုံးမြို့နယ် #ဝေဒီရွာ #စစ်ကောင်စီသတင်းပေး #အမျိုးသမီး #ထွက်ပြေး #ပစ်ခတ်ခံရ #သေဆုံး #Ayarwaddy_Times