ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် မတ်လ ၂၄ ရက်ည ၈နာရီ ၃၀မိနစ်ဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး မီးရှို့ခံရခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ မီးရှို့ခံရသည့် အုပ်ချုပ်ရေးမှူးရုံးမှာ ဟင်္သာတမြို့၊ တိုက်ကျောင်းလမ်း၊ ကနောင်စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဖြစ်ပြီး အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအေးကိုက
ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းခဲ့ခြင်းသာ ဖြစ်သည်ဟု သတင်းလွှင့်ထားကြောင်း ဒေသခံများက ဆိုသည်။

“စစ်မှုထမ်းကိစ္စတွေနဲ့ ပတ်သက်ပြီး မကျေနပ်လို့မီးရှို့ကြတာလို့ ပြောနေကြတယ်။ မီးလောင်တာကတော့ ရုံးတစ်ခုထဲပါပဲ။ သူတို့အုပ်ချုပ်ရေးအဖွဲ့ကတော့ ဝါယာရှော့တွေဖြစ်ပီး မီးလောင်တာလို့ပဲ သတင်းလွှင့်နေကြတယ်။ညက ဖုန်းနဲ့ရိုက်ထားတဲ့ သူတွေလည်း ကြောက်တော့မနက်ကျအကုန် ဖျက်ပစ်ကြတယ်”ဟု ကနောင်စုရပ်ကွက်ရှိဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ထို အုပ်ချုပ်ရေးမှူးရုံး မီးလောင်ကျွမ်းမှုမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး ဟင်္သာတမြို့ စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့ဝင်များက လာရောက်မီးငြိမ်းသတ်ခဲ့ကြပြီး ည ၁၀ နာရီဝန်းကျင်တွင် မီးငြိမ်းသွားကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတ်ိုင်းရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းဆောင်ရန် မဲနှိုက်ရာတွင်လည်း အုပ်ချုပ်ရေးမှူးများမှ ၎င်းတို့၏သားသမီးများကို ချန်လှပ်ထားခြင်းကြောင့် ဒေသခံပြည်သူအများအပြားမှာ ကျေနပ်မှုမရှိကြကြောင်း ဒေသခံများကဆိုသည်။

ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်း ဥပဒေကိုအတည်ပြုပြီးနောက် မြန်မာပြည်အနှံ့အပြား စစ်မှုထမ်းစားရင်းများ ဦးဆောင်ကောက်ယူသူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရမှုများ ရှိနေသလို အုပ်ချုပ်ရေးမှူးရုံးများ တိုက်ခိုက်ခံရမှုများလည်း ရှိလာကြောင်း စုံစမ်းသိရှိရသည်။

#ဟင်္သာတမြို့ #စစ်မှုထမ်းစာရင်းကောက်ယူ
#အုပ်ချုပ်ရေးမှူးရုံး #မီးရှို့ခံရ #ဝါယာရှော့

#Ayeyarwaddy_Times