
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ်၂၆ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သင်္ကန်းညီနောင်အနီးတဝိုက်ကို စစ်ကောင်စီက တရုတ်နိုင်ငံထုတ် အပေါ့စား လေယာဥ်များဖြင့် ဗုံးကြဲချခြင်းများလုပ်ဆောင်နေပြီး ကင်းပတ်သည့် ဒရုန်းများဖြင့်ပါ ဗုံးကြဲချခြင်းများ ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
စစ်ကောင်စီသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နှင့် တပ်မဟာ (၇) အနီးတဝိုက်တွင် ရက်ခြားဆိုသလို ၈၁-မမ ၊ ၆၀-မမ ဗုံးသီးများ လိုက်လံကြဲချနေပြီး ယမန်နေ့ မတ် ၂၅ ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ် အထိုင်ချနေသည့် သင်္ကန်းညီနောင်အနီးရှိ ဗျူဟာကုန်းအနားသို့ ၆၀-မမ၊ ၈၁-မမ ဗုံးသီးများ ချခဲ့ကြောင်း သိရသည်။
“လေယာဥ်ဗုံးကြဲတာကတော့ တစ်ရက်ခြား နှစ်ရက်ခြားလုပ်နေတာပဲ။ ခမရ-၃၅၅၊ ၃၅၆၊ ၃၅၇ ဖိုခုံလောက်ဆိုင် ထားတဲ့ စစ်တပ်ဗျူဟာ ကုန်းအနီနားမှာတော့ ကင်းထောက် ဒရုန်းတွေ မကြာခဏ ပျံသန်းလေ့ရှိတယ်။ တစ်ခါတလေ ကင်းထောက်ပျံသန်းတဲ့ ဒရုန်း ကပါ ဗုံးကြဲ ချတာတွေရှိတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၁၅ ရက်နေ့ကလည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့၍ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုအချို့ရှိခဲ့ကြောင်း သိရသည်။
“သူတို့ (စစ်ကောင်စီ) ဗုံးကြဲချတာက လေယာဥ်ပေါ်ကနေ ၆၀-မမ ဗုံးသီး၊ ၈၁-မမ ဗုံးသီးတွေကို ပင်ဖြုတ်ပြီး လေယာဥ်ပေါ်ကနေ လိုက်ချနေတာ” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆိုသည်။
စစ်ကောင်စီတပ်သည် ကရင်ပြည်နယ် တပ်မဟာ၆ နယ်မြေများတွင် မြေပြင်စစ်ကြောင်း ထိုးတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဥ်များ၊ ဒရုန်းများ အသုံးပြု၍ ဗုံးကြဲချခြင်းများကို အဓိက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းမြေပြင် သတင်းရင်းမြစ်များထံက သိရသည်။
ပုံစာ-စစ်ကောင်စီတပ် ဗျူဟာကုန်းမြေပုံ
#ကရင်ပြည်နယ် #KNUတပ်မဟာ၆နယ်မြေ #စစ်ကောင်စီ #အပေါ့စားလေယာဥ်များ #ဗုံးကြဲချ #Ayeyarwaddy_Times