
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၂၆ ရက်
လေ့ကျင့်ပျံသန်းနေသည့် စစ်ရဟတ်ယာဉ်တစ်စီး မိတ္ထီလာမြို့၊ ပြည်သာ ယာရပ်ကွက်ရှိ မဟူရာသုသာန်ထဲသို့ ပျက်ကျသွားကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ယနေ့ မတ် ၂၆ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းမှ စမ်းသပ် ပျံသန်းမောင်းနှင်နေစဉ် သုသာန်ထဲသို့ ပျက်ကျခဲ့ပြီး စစ်ရဟတ်ယာဉ်မှာ အမြီးပိုင်းကျိုးသွားခဲ့ကြောင်း စစ်တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
“အမောင်းသင်လေယာဉ်အသေး ပြင်သစ်ထုတ်ပေါ့။ လေ့ကျင့်နေရင်း ပျက်ကျတာ။ ဗိုလ်မှူးတစ်ဦးနဲ့ နှစ်ပွင့် ဗိုလ်တစ်ဦး နှစ်ဦးပဲပါတာ။ နှစ်ယောက်လုံးဒဏ်ရာတွေ ရသွားတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာ ၀တီတိုင်းမ်ကို ပြောသည်။
ပျက်ကျခဲ့သည့် အဆိုပါ ရဟတ်ယာဥ်သည် ပြင်သစ် နိုင်ငံထုတ် EC 120 အမျိုးအစားဖြစ်ကြောင်းနှင့် ပျက်ကျမှု ကြောင့် အမြီးပိုင်းကျိုးကျ ပျက်စီးသွားပြီး ယနေ့ညနေ ၆ နာရီဝန်းကျင်အထိ ပြန်မသယ်ရသေးကြောင်း ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်က ပြောဆိုထားသည်။ ရဟတ်ယာဉ်အမျိုးအစားကို ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လေယာဉ်နှင့် ရဟတ်ယာဥ် ပျက်ကျမှုများ အပါအဝင် တော်လှန်ရေးအဖွဲ့များက ပစ်ချသောကြောင့် ပျက်ကျသည့်ရဟတ်ယာဥ် ၊တိုက်လေယာဉ် စုစုပေါင်း ၁၅ စီး ဝန်းကျင် ရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ပြင်သစ်နိုင်ငံထုတ် EC120 ရဟတ်ယာဥ်အမျိးအစား
#မိတ္ထီလာ #ရှမ်းတဲလေတပ် #စစ်ရဟတ်ယာဉ် #EC 120 #ပြင်သစ်နိုင်ငံထုတ် #Ayeyarwaddy_Times