
နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများထံသို့ အာဏာရှင်စနစ် တော်လှန်ရေးနှင့် ပြည်သူ့ ကာကွယ်ရေးကွန်ရက် (DRPDN) အဖွဲ့သည် ယနေ့ မတ်၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဆန်အိတ်၊ ငါးခြောက်အိတ်များသွားရောက် လှူဒါန်းပေးခဲ့ကြောင်း စစ်ဘေးရှောင်နေသူများထံက သိရသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ယခု မတ်လ အတွင်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသူ အများ အပြားသည် စားနပ်ရိက္ခာ ခက်ခဲမှုများ ရှိလာသောကြောင့် DRPDN အဖွဲ့မှ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
“ကရင်ပြည်နယ် ဒေသအသီးသီးက ထွက်ပြေးလာသူတွေများတယ်။ လက်ရှိ အချိန်ထိတော့ ကလေး လူကြီးသက်ကြီးရွယ်အိုတွေအပါဝင် ၃၀၀၀ ကျော်လောက် ရှိတယ်။ နောက်ထပ်ရောက်လာသူတွေလည်းများလာနေတယ်” ဟု DRPDN အဖွဲ့နှင့် လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာရှင်စနစ် တော်လှန်ရေးနှင့် ပြည်သူ့ ကာကွယ်ရေးကွန်ရက် (DRPDN) အဖွဲ့သည် တစ်အိတ်လျှင် ၄၀ ကီလိုပါ ဆန် အိတ် ၇၀ ၊ ၁၀ ကီလိုပါ ငါးခြောက်အိတ် ရှစ် အိတ်တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းရန်ကို ကြောက်၍ နေရပ်စွန့်ခွာလာကြသည့် ဒေသခံများ သည် တောတောင်ချောင်းမြောင်း အစပ်များတွင် နေထိုင်နေကြပြီး စားနပ်ရိက္ခာအခက် အခဲများ ရှိနေခြင်းကြောင့် သွားရောက်လှူဒါန်းပေးစေလိုကြောင်း စစ်ဘေးရှောင်အရေး ကူညီသူများထံက သိရသည်။
ပုံစာ-စစ်ဘေးရှောင် နေရသူများ နှင့် သွားရောက်ကူညီကြသူများ
#ကရင်ပြည်နယ် #စစ်ဘေးရှောင်များ #DRPDNအဖွဲ့ #စားနပ်ရိက္ခာများ #သွားရောက်လှူဒါန်း #Ayeyarwaddy_Times