“စစ်ဖြစ်တဲ့နေရာအများစုမှာ အမျိုးသမီးတွေက အခွင့်အရေးပိုပြီး ဆုံးရှုံးလေ့ရှိပါတယ်။ သူတို့တွေရဲ့ ပညာရေး ကျန်းမာရေးစောင့်ရှောက်ခံရမှုမှာ လုံလောက်မှုမရှိပါဘူး။ အသက်လွတ်အောင် တောတောင်တွေကြား နှစ်လများစွာရှောင်ပုန်းနေကြရတဲ့ အမျိုးသမီးတွေများစွာရှိပြီး ကိုယ်ကာယပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေကြရတာတွေရှိပါတယ်”

နိုင်း/ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

ကရင်နီပြည်နယ်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေထိန်းချုပ်နိုင်မှု အားကောင်းလာတာနဲ့အမျှ ပြည်နယ်အတွင်း အုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ငန်းလည်ပတ်မှုအခန်းဏ္ဍမှာ အရေးကြီးလာပါတယ်။

ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) လက်အောက်မှာ ဌာနများစွာ ရှိတဲ့အနက် ပညာရေးဌာနဟာလည်း ဒေသတွင်း လူငယ်များအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် ကရင်နီပြည်နယ် ပညာရေးဌာနရဲ့ ဌာနမှူးကြီးအဖြစ် တာဝန်ယူထားတဲ့ ဆရာမ မော်မိမာ ကို ဧရာဝတီတိုင်းမ် သတင်းဌာန သတင်းထောက် နိုင်း ကဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဆရာမ မော်မိမာဟာ ဒေသတွင်းလူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်းတွေကို ဖန်တီးပေးတဲ့ ဆယ်သဲဖောင်ဒေးရှင်း တည်ထောင်သူ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP) ရဲ့ ကရင်နီပညာရေးဌာနမှာလည်း ဒုတိယဝန်ကြီးတာဝန်ယူထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမ်။ ။ဆရာမရဲ့ နံမည်၊ ရာထူးနဲ့ IEC မှာဘယ်နေရာကနေ ပါဝင်တာဝန်ထမ်းဆောင်နေလဲဆိုတာ မိတ်ဆက်ပေးလို့ရမလား။

ဆရာမမော်မိမာ။ ။ကျွန်မနာမည်မော်မိမာဖြစ်ပါတယ်။ IEC ပညာရေးဌာနမှာ ဌာနမှူးကြီးအနေနဲ့ ပါဝင်တာဝန်ထမ်းဆောင်နေပါတယ်ရှင့်။

ဧရာဝတီတိုင်းမ်။ ။ဆရာမရဲ့ အရင်က ဖြတ်သန်းခဲ့တဲ့ အကြောင်းနဲ့ အာဏာသိ မ်းပြီးကာလကနေ IEC မှာ ဘယ်လိုစပြီး တာဝန်ယူဖြစ်တာလဲ ဆိုတာရော ပြောပြ ပေးလို့ရမလား။

ဆရာမမော်မိမာ။ ။တရားမျှတမှုရှိပြီး အေးချမ်းသာယာတဲ့နိုင်ငံကိုပြန်လည် တည်ဆောက်နိုင်ဖို့ ပညာရေးကအရေးကအရေးတကြီး ဦးစားပေးလုပ်ဆောင်ဖို့လို အပ်တဲ့အထဲမှာပါဝင်ပါတယ်။ ပညာရေးဟာ စောင့်လို့ရတဲ့အရာမဟုတ်ပါဘူး။ အရေးပေါ် ကာလမှာပညာရေးကို ပိုပြီးမှတောင်ဆောင်ရွက်ဖို့လိုအပ်နေပါတယ်။ ကလေးတွေ သင်ယူလေ့လာရေး အဆက်မပြတ်သွားဖို့ရန် အင်မတန်မှ အရေးကြီးပါတယ်။ ယခုခေတ်ကလေးတွေကို ကျွန်မတို့ခေတ်ကလို ပညာရည် မငတ်မွတ် စေချင်တော့ဘူး။ အမြှော်အမြင်ရှိပြီးတိုင်းပြည်အပေါ်စေတနာအမှန်ရှိတဲ့ ခေါင်းဆောင်တွေ ပြည်သူတွေကိုအရည်အသွေးရှိတဲ့ ပညာရေးကနေမွေးထုတ်ပေးနိုင်ဖို့ စိန်ခေါ်မှုအခက်ခဲအမျိးမျိုးကြားထဲက ပညာရေးကိုကျမတတ်နိုင်တဲ့ဖက်ကနေ အုပ် တစ်ချပ် သဲတစ်ပွင့်အနေနဲ့ IEC မှာပါဝင်လာဖြစ်တာပါ။

ဧရာဝတီတိုင်းမ်။ ။ကရင်နီပြည်နယ်မှာ လက်ရှိIECပညာရေးဌာနအနေနဲ့ ဘယ်လို ဆောင်ရွက်မှုတွေရှိလဲဆိုတာ ရှင်းပြပေးလို့ရမလား။

ဆရာမမော်မိမာ။ ။လက်ရှိမှာတော့ IEC ပညာရေးဌာနအနေနဲ့ ပြင်ပ အလှူရှင်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ဒေသခံပညာရေးအဖွဲ့အစည်းများ၊ မြို့နယ်ဘုတ်အဖွဲ့၊ ဆရာများသမဂ္ဂအဖွဲ့နှင့်ချိတ်ဆက်ကာ အခြေခံပညာနှင့် အဆင့်မြင့်ပညာကိုတတ်နိုင်သလောက်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။
ကရင်နီမှာ အခြေခံပညာကျောင်းပေါင်း ၃၀၀ကျော်ရှိပြီး ဆရာ/ဆရာမ ၃၀၀၀ ခန့်ကို ထောက်ပံ့ကြေး သင်ထောက်ကူပစ္စည်းတွေပံ့ပိုးပေးတာရှိပါတယ်။
အဆင့်မြင့်ပညာမှာကတော့ ပြည်နယ်အတွင်းဖွင့်လှစ်ထားတဲ့ တက္ကသိုလ်၊ ကောလိပ်များ၊ Alternative ကျောင်းများနဲ့ ချိန်ဆက်ပြီး လိုအပ်တဲ့ ပံ့ပိုးမှုများကို ကူညီ ဆောင်ရွက် လျှက်ရှိနေပါတယ်။ အဓိကတော့ကလေးတွေပညာရေး အဆက်မပြတ် သွားစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ ဒေသခံလူထုများနှင့်ပူးပေါင်း၍ တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ပညာရေးလုပ်ငန်းများကို ကြိုးစားအကောင်အထည်ဖော်လျက် ရှိနေပါတယ်။

ဧရာဝတီတိုင်းမ်။ ။ကရင်နီမှာ ဆေးတက္ကသိုလ်ဖွင့်နိုင်ဖို့ကြိုးစားနေတယ်ဆိုပြီး သတင်းကြားရတာမျိုးရှိတယ်၊ အဲ့ဒီအကြောင်းပြောပြပေးလို့ရမလား။

ရာမမော်မိမာ။ ။ဟုတ်ပါတယ်၊ ကရင်နီမှာဆေးတက္ကသိုလ် စတင်ဖွင့်လှစ်ဖို့စီစဥ် နေပါတယ်။ ဒီအပြင် သူနာပြုတက္ကသိုလ်၊ ပညာရေးဒီကရီကောလိပ်၊ ကရင်နီ အမျိုးသားကောလိပ်၊ ဆယ်သဲကောလိပ် စတဲ့အဆင့်မြင့်ပညာရပ်များကို သင်ကြားပေးနေတဲ့ကျောင်းတွေလည်းရှိပါတယ်။

ဧရာဝတီတိုင်းမ်။ ။ပညာသင်ကြားရေးစနစ်ကိုရော ဘယ်လိုမျိုးတွေသင်ကြား နေလဲ ဆိုတာ သိရမလား။

ဆရာမမော်မိမာ။ ။လက်ရှိမှာတော့ ကျောင်းအများစုက ဖွင့်လှစ်ကြပါတယ်။ စစ်ရှောင်စခန်းတွေမှာလည်း စာသင်ကျောင်းတွေရှိပါတယ်။

ဧရာဝတီတိုင်းမ်။ ။ပညာရေးအခန်းကဏ္ဍနဲ့ပတ်သတ်ပြီး ဘာတွေ လိုအပ်ချက် တွေရှိနေလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနေလဲဆိုတာရော ဆရာမအနေနဲ့ပြော ပြပေးလို့ရမလား။

ဆရာမမော်မိမာ။ ။ပညာရေးမှာ လက်ရှိအဓိကလိုအပ်နေတာကတော့ ကလေးတွေရဲ့လုံခြုံရေးဖြစ်ပါတယ်။ စစ်ကောင်စီက ကျောင်းတွေကိုပစ်မှတ်ထားပြီး လေယာဥ်နဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ထုတာတွေကြောင့် ကလေးတွေထိခိုက် သေဆုံးတာတွေရှိပါတယ်။ နောက်တခါ ငွေကြေးနဲ့နည်းပညာထောက်ပံ့မှုပဲဖြစ်ပါတယ်။ ကျောင်းသုံးပစ္စည်းနဲ့ ဆရာ ဆရာမ မလုံလောက်မှုပြသနာလည်းရှိပါတယ်။
ကျွန်မတို့ကရင်နီပြည်မှာ စစ်ကောင်စီကျောင်းတွေမရှိတော့ပါဘူး။ ကျောင်းအားလုံးက တိုင်းရင်း သားနဲ့ ရပ်ရွာအခြေပြုကျောင်းတွေဖြစ်ကြပါတယ်။ ကျောင်းသားဦးရေလည်း အဆမတန်များလာတာကြောင့် လိုအပ်ချက်များစွာရှိနေပါတယ်။ IEC ဝန်ထမ်းတွေကို ပုံမှန်လစာပေးသွားဖို့ကြိုးစားနေပေမယ့် ရန်ပုံငွေအခက်အခဲကြောင့် ပုံမှန်ပေးသင့် သလောက်မပေးနိုင်သေးပါဘူး။
ဧရာဝတီတိုင်းမ်။ ။တော်လှန်ရေးကာလမှာ ၊ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ လုပ်နိုင်ခဲ့တယ်။ ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာကိုရော ပြောပြနိုင်မလား။

ဆရာမမော်မိမာ။ ။တော်လှန်ရေးကာလမှာ ကိုယ်ကအမျိုးသမီးတစ်ယောက်၊ မိခင်တစ်ယောက်အနေနဲ့ ရှေ့တန်းမှာသွားပြီး တိုက်ပွဲမဝင်နိုင်သော်ငြားလည်း နောက်တန်းကနေ ပညာရေးလက်နက်နဲ့ တော်လှန်ရေးကို ပါဝင်ဆင်နွဲခွင့်ရတာ ကျွန်မအနေနဲ့ ဝမ်းသာဂုဏ်ယူပါတယ်။ တိုင်းပြည်တစ်ပြည်ကိုထူထောင်ရာမှာ အရည်အသွေးရှိတဲ့ နိုင်ငံသားကောင်းများမရှိမဖြစ်လိုအပ်တဲ့အတွက် ကျွန်မအနေနဲ့ ပညာရေးကို ပိုပြီးအလေးထားဆောင်ရွက်ဖြစ်ပါတယ်။
အရင်က ဒုက္ခသည်စခန်းတွေမှာ စစ်ရှောင်ကလေးတွေကို စာသင်ပေးတယ်။ ပညာရေးအခွင့်အလမ်းတွေဖန်တီးပေးတယ်။ နိုင်ငံတကာတက္ကသိုလ်တွေမှာ သွားရောက် ပညာသင်ကြားနိုင်ဖို့ ကျောင်းတွေ စကောလားရှစ်တွေရှာပေးပါတယ်။ တော်လှန်ရေး ကာလမှာ ပညာရေးကိုပိုပြီးအာရုံစိုက်လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ ကလေးသူငယ် တွေ ပညာ‌ရေးအခွင့်အလမ်းမဆုံးရှုံးအောင် နည်းလမ်းမျိုးစုံရှာကြံပြီး ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေရှိပါတယ်။
ကျွန်မကိုယ်တိုင်လည်းစစ်ပွဲကြားမှာ မွေးဖွားကြီးပြင်းလာခဲ့ရပြီး စစ်ရှောင်ဘဝနဲ့ပဲ ပညာကို ဆည်းပူးလာခဲ့ရသူတစ်ယောက်မို့ ယခုမျိုးဆက်သစ်ကလေးသူငယ်များလည်း ကျွန်မတို့ခေတ်ကလို ပညာရေးအခွင့်အလမ်းမဆုံးရှုံးရလေအောင် တတ်နိုင်တဲ့ဘက် ကနေ ကြိုးစားဆောင်ရွက်နေပါတယ်။

ဧရာဝတီတိုင်းမ်။ ။တော်လှန်ရေး ကာလအတွင်းမှာ အမျိုးသမီး‌တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက် ခံရမှုအခြေအနေတွေနဲ့ပတ်သတ်ပြီး ဆရာမရဲ့အမြင်ကို ပြောပြပေးလို့ရမလား။

ဆရာမမော်မိမာ။ ။စစ်ဖြစ်တဲ့နေရာအများစုမှာ အမျိုးသမီးတွေက အခွင့်အရေးပိုပြီး ဆုံးရှုံးလေ့ရှိပါတယ်။ သူတို့တွေရဲ့ ပညာရေး ကျန်းမာရေးစောင့်ရှောက်ခံရမှုမှာ လုံလောက်မှုမရှိပါဘူး။ အသက်လွတ်အောင် တောတောင်တွေကြား နှစ်လများစွာ ရှောင်ပုန်းနေကြရတဲ့ အမျိုးသမီးတွေများစွာရှိပြီး ကိုယ်ကာယပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများခံစားနေကြရတာတွေရှိပါတယ်။

ဧရာဝတီတိုင်းမ်။ ။ဆရာမ အနေနဲ့ လုပ်ခွင့်ရမယ်ဆိုရင် တောင်းဆိုလို့ရမယ်ဆိုရင် အမျိုးသမီးတွေအတွက် ဘာတွေ ဆောင်ရွက်ပေးစေချင်လဲ။

ဆရာမမော်မိမာ။ ။စစ်အာဏာသိမ်းပြီးနောက် မိသားစုမစုံလင်တော့တဲ့အခြေနေတွေ သားတွေ သမီးတွေ ခင်ပွန်းသည်တွေ အဖေတွေ ကိုဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီး တွေအတွက် အထူးပံ့ပိုးကူညီပေးကြဖို့နဲ့ အမျိုးသမီးများရသင့်တဲ့ ခြေခံအခွင့်အရေးများရရှိနိုင်ရန် အဖက်ဖက်မှဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ တောင်းဆိုလိုပါတယ်။

ဧရာဝတီတိုင်းမ်။ ။ဟုတ်ကဲ့။ အခုလိုအချိန်ပေး ဖြေကြားပေးတဲ့ ဆရာမမော်မိမာကို ကျေးဇူးတင်ပါတယ်။

#ကရင်နီပြည်နယ်ပညာရေးဌာန #ဌာနမှူးကြီးမော်မိမာ #အမျိုးသမီးကဏ္ဍ #အင်တာဗျုး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)