
အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် ဒေသခံများထံက သိရသည်။
ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ယမန်နေ့ မတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် မြို့သစ်ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးပေါ်၌ ကျရောက်သောကြောင့်ယခုကဲ့သို့ ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။
“မနေ့ ၁၀ နာရီဝန်းကျင်လောက်က ဟားခါး ပြည်နယ်ရဲစခန်းက စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ မြို့သစ်ရပ်ကွက် အရပ်သားနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲတာဖြစ်တယ်။ မိသားစု လေးဦး ဒဏ်ရာရပြီး ဖခင်ဖြစ်သူက သေဆုံးသွားတယ်။”ဟု ဟားခါးဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လက်နက်ကြီးကျည်သည် ပြည်နယ်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည် လက်နက်ကြီးကျည်ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရသည့် အရပ်သားများသည် မိသားစုဝင်များဖြစ်ကြပြီး ၎င်းတို့၏ ဖခင်ဖြစ်သူ ဦးရိုဘဲသည် လက်နက်ကြီးကျည်ကြောင့် နေအိမ်၌ သေဆုံးသွားသည်။
ဟားခါးမြို့တွင် ပြည်သူများကို မတရားဖမ်းဆီး ခြိမ်းခြောက်သည့် စစ်ကောင်စီ၏ လက်အောက်ခံ ရဲအုပ်အဆင့်ရှိ ကျော်လင်းဦးကို Chinlan Dense Force-Hakha မှ မတ်လ ၂၄ ရက်နေ့တွင် အရှင်ဖမ်းဆီးရမိကြောင့် ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပုံစာ – မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ ပစ်ခတ်သည့်လက်နက်ကြီးကျည်ကြောင့် ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်ကို တွေ့ရစဥ်
#ချင်းပြည် #ဟားခါး #စစ်ကောင်စီလက်နက်ကြီးကျည် #အရပ်သားထိခိုက်သေဆုံး #Ayeyarwaddy_Times