နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

အမေရိကန် အစိုးရအနေဖြင့် မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း ကူညီထောက်ပံ့ပေးမည့်ကိစ္စ ထိထိရောက်ရောက်ဖြင့် အမှန်တကယ် လိုအပ်နေသော ပြည်သူလူထုဆီ ရောက်ရှိစေရန် အမျိုးသားညီညွတ်ရေးအစိုး (NUG) အပါအဝင် သက်ဆိုင်သူများနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ (NDAA) ပါ Burma Act အရ မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရန် အပါအဝင် အမေရိကန်အစိုးရ သုံးစွဲမည့် ဘတ်ဂျက်ငွေကို လွှတ်တော်နှစ်ရပ်မှ အတည်ပြုခဲ့ပြီးနောက် ယခုရက်အတွင်း သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

“ဒီဟာကို ထိထိရောက်ရောက်နဲ့ တကယ်လိုအပ်နေတဲ့ ပြည်သူတွေ အကူအညီရဖို့အတွက်က ဆက်လက်လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။ ဥပဒေ အတည်ပြုပြီး ဒီငွေတွေက ပြည်သူတွေအတွက် တစ်ခါတည်း ရောက်သွားမယ် ဆိုတာမျိုးတော့ မဟုတ်သေးပါဘူး။ သူတို့အစိုးရ လမ်းကြောင်းကနေ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ အဲဒီအတိုင်း လုပ်သွားပါလိမ့်မယ်” ဟု ဦးကျော်ဇောက ပြောသည်။

အမေရိကန် လွှတ်တော်က ရေးဆွဲပြဌာန်းလိုက်သည့် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ (NDAA) ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာက အတည်ပြုခဲ့ပြီး ထိုအထဲတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော စာမျက်နှာ ၂၅ မျက်နှာပါ Burma Act ကိုလည်း ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ Burma Act အရ မြန်မာအတွက် အကူအညီပေးရန် လျာထားသော ဒေါ်လာ ၁၂၁ သန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာတွင် ပေးအပ်ရမည် ဖြစ်သော်လည်း အမေရိကန်အစိုးရ၏ ဘတ်ဂျက်အကျပ်အတည်းကြောင့် သတ်မှတ်ချိန်ထက် ခြောက်လ နောက်ကျခဲ့ပြီးနောက် ယခုမှသာလျှင် အတည်ပြုနိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

“သူတို့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေကနေတဆင့် သတ်မှတ်ထားတဲ့ အကူအညီတွေကို ထောက်ပံ့သွားဖို့အတွက် သက်ဆိုင်တဲ့ အစိုးရဌာနတွေကနေ လုပ်ဆောင်သွားမယ် ဆိုတာကို နားလည်ထားပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့နဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရ၊ တိုင်းရင်းသား အင်အားစုတွေ၊ CSO တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

ယင်း Burma Act တွင် မူဝါဒရေးရာ ဖော်ပြချက်၊ အရေးယူ ပိတ်ဆိုမှုများ ချမှတ်ခြင်း၊ ကူညီထောက်ပံ့မှုများ ပေးအပ်ခြင်း၊ တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ခြင်း ဆိုသည့် ကဏ္ဍလေးရပ် အဓိကပါဝင်သည်ဟု သိရသလို NUG ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု စသည့် အာဏာသိမ်း ဆန့်ကျင်သည့် အုပ်စုများကို ထောက်ခံကြောင်း သိရသည်။

ထို့အပြင် NDAA အရ အမေရိကန်က စစ်အာဏာရှင် တော်လှန်ရေး လက်နက်ကိုင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်နက်မဟုတ်သည့် နည်းပညာ အကူအညီများ၊ ရိုဟင်ဂျာများအတွက် တရားမျှတမှု ရရှိစေရေး၊ ထိုင်းနှင့် အိန္ဒိယအပါအဝင် နယ်စပ်ဖြတ်ကျော် အကူအညီပေး​ရေး၊ ဖက်ဒရယ်
ရေးရာနှင့် အုပ်ချုပ်ရေးအပါအဝင် အစီအစဉ် ခုနှစ်ခု ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#အမေရိကန် #အမျိုးသားကာကွယ်ရေး #လုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ #NDAA #BurmaAct #NUG #ဦးကျော်ဇော #အမေရိကန်ဒေါ်လာ၁၂၁သန်း #Ayeyarwaddy_Times