ဧရာ၀တီတိုင်းမ်
မတ် ၂၆ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ တမန်းသားနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ် ဖွဲ့၀င် ၁၀၀ ကျော်က လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ် ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က စစ်ကောင်စီ၏ တမန်းသားစခန်းရှိ တပ်ဖွဲ့၀င် ၁၀၀ ကျော် AA ထံ လက်နက်ချအညံ့ခံခဲ့သည့်အတွက် စခန်းကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော် AA က အဆိုပါစခန်းကို ၀င်ရောက် တိုက်ခိုက်ချိန်တွင် စခန်းကိုစွန့်ခွာထွက်ပြေးသည့် စခန်းမှူးအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် ၄၀ ကျော်ကို လောင်းပုတ်ရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၂၉ ဦးအရှင်ဖမ်းမိပြီး ကျန်သည့်တပ်ဖွဲ့၀င်များကို အသေဖမ်းဆီးရမိကြောင်း AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

“တမန်းသားစခန်းကနေ ထွက်ပြေးတဲ့အဖွဲ့တွေကို လိုက်တိုက်တာမှာ ၂၉ယောက် အရှင်မိတာ။ စခန်းကို ရပါပြီ။ လက်နက်ချတဲ့သူတွေကိုလည်း သေချာ စောင့်ရှောက်ထားတယ်လို့ သိထားပါတယ်” ဟု AAစစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ် ၂၄ရက်နေ့ကလည်း စစ်ကောင်စီ၏ တမန်းသားစခန်းမှထွက်ပြေးနေသူများကို လိုက်လံရှင်းလင်းရာ စစ်ကောင်စီအလောင်း ၂၀ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA ကထုတ်ပြန်ထားသည်။

ထို့အပြင် မောင်တောရှိ ကြိမ်ချောင်းတပ်မကိုလည်း AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အတိုင်းအတာတစ်ခုထိ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့ကလည်း မောင်တောရှိ ရန်အောင်မြင် နယ်ခြားစောင့်စခန်းကို AAကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း သိရသည်။

ပုံစာ-တမန်းသားနယ်ခြား​စောင့်စခန်းမှ လက်နက်ချအညံ့ခံလာသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ
#မောင်တောမြို့ #စစ်ကောင်စီ #တမန်းသားနယ်ခြားစောင့်စခန်း #AA #တပ်ဖွဲ့ဝင်၁၀၀ကျော်လက်နက်ချအညံ့ခံ #Ayeyarwaddy_Times