
ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
မြန်မာနှင့်ထိုင်းနယ်စပ် တစ်လျှောက်နေထိုင်သောသူများအတွက်လူသားချင်းစာနာ ထောက်ထားမှု အကူအညီကို ယနေ့ မတ် ၂၅ ရက်နေ့တွင် ထိုင်းကြက်ခြေနီ အသင်းမှတစ်ဆင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းထံ လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံဘက်ခြမ်းရှိ ထိုင်း – မြန်မာချစ်ကြည်ရေးအမှတ် (၂) တံတား၊ မဲဆောက်တွင် ဆန်၊ အစားအစာကုန်ခြောက်နှင့် အရေးကြီးပစ္စည်းများပါဝင်သည့် ကယ်ဆယ်ရေးအိတ် ၄၀၀၀ ကို ယနေ့ မတ်လ ၂၅ ရက်နေ့တွင် လွဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပစ္စည်းများကို ရှေ့ပြေးကနီဦးအဖြစ် ကရင်ပြည်နယ်အတွင်းရှိ နေရာ သုံးနေရာကို ပေးဝေသွားရန် သတ်မှတ်ထားပြီး ယင်းနေရာရှိ တိုင်းရင်းသားများ နှင့် နေထိုင်သူများကိုထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ထံက သိရသည်။
အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန ( AHA Center) က လူသားချင်းစာနာထောက်မှု အကူညီပေးရေးများပေးနိုင်ရန်နှင့် ထိရောက်စွာဖြန့်ဝေပေးရန်အတွက် မြန်မာပြည်ရှိအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ပါဝင်ကြီးကြပ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ အာဏာရပါတီ ဖွေ့ထိုင်း ( Pheu Thai) က မြန်မာ့အရေးအတွက် four- point အစီရင်ခံစာပြုလုပ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်သွားမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၂ ဒသမ ၈ သန်း ကျော်လွန်နေပြီး လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများ၏ လူမှုဘဝကယ်ဆယ်ရေးအကူအညီများ ဆက်လက် ဆောင်ရွက်နေကာ ရန်ပုံငွေကျပ်တည်းမှုဖြင့် ကြုံတွေ့နေရကြောင်း UNOCHA-မြန်မာ ထုတ်ပြန်ချက် အရသိရသည်။
စစ်ကောင်စီက လူနေရပ်ကွက်များ အပါအဝင် နေရာအများအပြားကို လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် အရပ်သားပြည်သူ များ၏ အသက်ဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွားခြိမ်းခြောက်ခံနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-မြန်မာ) ၏ ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ -ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန
#ထိုင်းနိုင်ငံ #မြန်မာ #လူသားချင်းစာနာမှုအကူအညီ #မြန်မာထိုင်းနယ်စပ် #ကရင်ပြည်နယ် #ကယ်ဆယ်ရေးအိတ် #၄၀၀၀ကျော်ပါဝင် #Ayeyarwaddy_Times