
ဧရာဝတီတိုင်းမ်
မတ် ၂၅ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ ရန်အောင်မြင်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကြိမ်ချောင်းစခန်းကိုလည်း အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၂၃ရက်နေ့က ကြိမ်ချောင်း စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင်စခန်းကို အပြီးသတ် သိမ်းပိုက်ရယူထားပြီး စစ်ကောင်စီအလောင်းများ၊ စစ်အသုံးအဆောင်များနှင့် လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ထို့အပြင် မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို AA က ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါးခန့်ရှိခဲ့ပြီး အဆိုပါကြိမ်ချောင်း စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ကို ယခုရက်များတွင် စတင်၍ အရှိန်အဟုန်မြှင့် လျက်ရှိကြောင်း သိရသည်။
ထိုးစစ်အား အရှိန်မြှင့်ခဲ့သည့် နှစ်ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် (AA)သည် မောင်တောရှိ နယ်ခြားစောင့်စခန်းများနှင့် တပ်မများ၊ ဗျူဟာများကိုပါ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ရက်နေ့က ပဲရွန်းတောင်စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည့်။
ထို့အပြင် ဖေဖော်ဝါရီ ၁၅ရက်နေ့က မောရဝတီဗျူဟာ၊ ဗောဓိကုန်းစခန်း၊ အလယ်သံ ကျော်နယ်မြေစခန်း၊ နှုရှ်လာစခန်းနှင့် ဂေါ်ဒူသာရစခန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။
ယခုလ မတ် ၁၃ရက်နေ့ကလည်း နယ်ခြားစောင့်စခန်း နခခ (၁) ၊ အောင်သပြေ နယ်ခြားစောင့်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ကျော်သည် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးခဲ့သည်။
လက်ရှိတွင် AA က မောင်တောမြို့နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီစခန်းများကို အပြင်း အထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
#မောင်တော #စစ်ကောင်စီ #ရန်အောင်မြင်စခန်း #ကြိမ်ချောင်းတပ်မ #AA #သိမ်းပိုက် #Ayeyarwaddy_Times