ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အနီးကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ် ၂၄ရက်နေ့တွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာနှင့် သုံးမိုင်ခန့်သာဝေးသည့် စစ်ကောင်စီအထိုင်ချတပ်စွဲနေသည့် ပြောင်သေကျေးရွာနှင့် ကမြင်းကန်ရွာအနီးတွင် ညနေ ၅နာရီခန့်က နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

“ဒုတိုင်းမှူးထိုင်ပြီး ခံစစ်ဆင်နေတဲ့ အမ်းနဲ့ ဂရစ်ကွက် ငါးကွက်တောင်မပြည့်တဲ့နေရာမှာ AAတို့တိုက်ပွဲဖော်ဆောင်နေပါပြီ။ လက်ရှိအမ်းရဲ့ အနေအထားဟာလည်း ပုသိမ်ဘက်ကစစ်ကူကို မျှော်လင့်လို့ မရပါဘူး။ ငဖဲ၊ ပဒါန်းလမ်းကြောင်းတစ်ခုသာ ပွင့်နေတဲ့ အနေအထားဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

အမ်းတွင်ဖြစ်ပွားသည့် ပြောင်သေကျေးရွာတိုက်ပွဲနှင့် ကမြင်းကန်ရွာအနီးတိုက်ပွဲတို့တွင် စစ်ကောင်စီဘက်က အင်အား ၁၀၀နီးပါး သေဆုံးသည်ဟု ဒေသခံများထံက သိရသည်။

“ကြားတာတော့ စစ်ကောင်စီ အထိုင်စခန်းရော စစ်ကူရော အကုန်ကျသွားတယ်ပြောတယ်။ လေကြောင်းပစ်ကူလည်းလာတယ်။ လေကြောင်းလည်း ဘာမှလုပ်မရဘူး။အနီးကပ် တိုက်ပွဲမို့ စစ်ကောင်စီဘက်က အသေများတယ်” ဟု အမ်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲများမဖြစ်ပွားမီ စစ်ကောင်စီက အမ်းမြို့နယ်ထဲသို့ AAတပ်ဖွဲ့များ ဝင်ရောက်လာသည်ဟုဆိုကာ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီး သံကြိုးတောင်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ထို့အပြင် AAတပ်ဖွဲ့များ ဝင်ရောက်မလာစေရန် စစ်ကောင်စီက မတ် ၁၉ရက်နေ့က အမ်း- တောင်ကုတ်လမ်း၊ ကုတ်မောင်တန်ဂိတ်အနီးရှိလမ်းကို စက်ယန္တရားများသုံး၍ဖြိုချဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် မတ် ၁ ရက်နေ့ကလည်း အမ်း-စစ်တွေကားလမ်းပေါ် ကျောက်စကွဲရွာအနီးရှိတံတားနှင့် မီးလောင်ချောင်းအနီးရှိ တံတားတို့ကို စစ်ကောင်စီက ဖြိုချဖျက်ဆီးခဲ့ပြီး အမ်း-တပ်တောင်ကြားရှိ လုံးကျေးရွာ အဝင် အထွက် တံတားတို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

#အမ်းမြို့နယ် #စစ်ကောင်စီ #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #နပခ #ဒုတိုင်းမှူး #AA #Ayeyarwaddy_Times