မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၂၅ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေတွင် ကျင်းပပြုလုပ်မည့် (၇၉) နှစ်မြောက် တပ်မတော် နေ့စစ်ရေးပြအခမ်းအနားကို ညနေပိုင်းအချိန်တွင် ပြောင်းလဲကျင်းပမည်ဖြစ်ပြီး ထိုသို့ ပြုလုပ်ခြင်းသည် စစ်တပ်သမိုင်းတလျောက် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို လာမည့် မတ် ၂၇ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပြုလုပ်ကျင်းပမည်ဖြစ်ပြီး အဆိုပါအခမ်းအနားကို စစ်ကောင်စီပိုင် ရုပ်သံများမှတစ်ဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကာ ရေဒီယိုလိုင်းများ မှနေ၍လည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

စစ်ကောင်စီက ၎င်းတို့ပြုလုပ်သည့် စစ်ရေးပြအခမ်း အနားကျင်းပပုံကို ရှေ့တန်းရှိ တပ်စခန်းအသီး သီးတွင် ရုပ်သံဗီဒီယိုများကို ကြည့်ရှုခိုင်းပြီး ရုပ်သံလိုင်း မရသည့် နေရာများတွင် ရေဒီယိုလိုင်းဖွင့်၍ နားထောင် စေရန် ညွှန်ကြားလေ့ရှိကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။

“လမ်းလျှောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်ပြီး ထုံးစံအတိုင်း ရုပ်သံဗီဒီယိုတွေကို တပ်တွေ စခန်းတွေမှာ ကြည့်ခိုင်းဦးမှာဖြစ်ပါတယ်။ တချို့စခန်းတွေဆို ရေဘူးတစ်ဘူးပဲ ရိက္ခာရတဲ့ နေရာတွေရှိတယ်။ ငပိကို အလုံးလေးတွေ လုံးပြီး နောက်ပြန်လှည့်မဲနှိုက်ရတဲ့ အချိန် ရေဒီယိုမှာ တပ်မတော်နေ့ ဂုဏ်ပြုစစ်ကြောင်း ကြီးများကလည်း သီချင်းတွေအော်ဆိုပြီး လမ်း လျှောက်နေတဲ့အသံကို လွှင့်ပေးထားပါတယ်။ မျက်လုံးထဲမြင်မယ်ထင်ပါတယ်။ ရေဒီယိုမှာတော့ (စစ်ခေါင်းဆောင်)မင်းအောင်လှိုင်ဟာ Standard Army လို့ တဖွဖွပြောနေတုန်းပါ။ အဲဒီလမ်းလျှောက်တဲ့ ငတိတွေကိုသာ သုံး‌လ လောက် အချိန်ကုန် မခံဘဲ ဒီဘက်ကိုသာလွှတ်လိုက်ရင် ငါတို့နောက်တန်း ခဏပြန်လို့ရတယ်ဆိုတဲ့အတွေး အမြဲ၀င်ပါတယ်။ အခုအနေအထားက ကျွန်တော်တို့ တုန်းကထက် ပိုဆိုးပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရှေ့တန်းစစ်မြေပြင်များတွင် စိတ်ဓာတ်အင်အား လျော့ကျပြီး တိုက်ခိုက်လိုစိတ်နည်းကာ စစ်ကောင်စီ တပ်ဖွဲ့များ လက်နက်ချ အညံ့ခံနေသည့်အချိန်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကျင်းပရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

“အခုက လက်နက်ချလည်း အပြစ်ပေးလို့မရ။ စခန်းစွန့်လည်းပြန်ခေါ်ပြီး ခိုင်းနေရ တယ်။ အခုလမ်း လျှောက်ပွဲကို မင်းအောင်လှိုင်က စည်စည်ကားကား လုပ်ပြတာကို ရှေ့တန်းစစ်သားတွေ များများတွေ့ရ လေလေ စိတ်ဓာတ်ကျလေလေဖြစ်ပါလိမ့်မယ်။ ဒါ ကြောင့် လမ်းလျှောက်ပွဲအပြီး တော်လှန်ရေးတပ်တွေ က ဖိပြီးတိုက်တိုက် ဖော့ဖော့လေးတိုက်တိုက် စခန်း တွေထပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ကိုယ်တွေ့ခံစားခဲ့ ရတဲ့ အနေအထားနဲ့ ခန့်မှန်းတွက်ချက်သုံးသပ်တာဖြစ်လို့ မှန်နေသေးတာဖြစ်ပါတယ်”ဟု ဗိုလ်ကြီးဇင် ယော်က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီက ယခုကျင်းပမည့်စစ်ရေးပြအခမ်း အနားကို စည်စည်ကားကားဖြစ်ရန် တွန်းအားပေးပြု လုပ်နေသော်လည်း ရှေ့တန်းစစ်မျက်နှာပြင်များတွင် ရိက္ခာပြတ်လပ်၍ သေဆုံးကြသည့်တပ်သားများပင် ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့က ရက္ခိုင့်တပ်တော်သိမ်း ယူခဲ့သည့် ရမ်းဗြဲ၊ သိမ်တောင် ကုန်းပေါ်ရှိ စစ်စခန်းတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၄၀ ကျော် ပြင်ပဒဏ်ရာမရှိဘဲ အစာငတ်မွတ်၍ သေဆုံးသွားကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဖက်ဆစ်ကို တော်လှန်ရာတွင် ရဟန်း ရှင်လူပြည်သူအပေါင်း ပါဝင်ခဲ့သည့် သမိုင်းကြောင်းအရာကို မှေးမှိန်စေရန်နှင့် ၎င်းတို့ စစ်တပ်၏ အခန်းကဏ္ဍကို ပိုမိုအလေးသာစေရန် ယခင် သတ်မှတ်ထားသော “တော်လှန်ရေးနေ့” အမည်ကို ၁၉၅၅ ခုနှစ်တွင် ပြောင်းလဲ၍ “တပ်မတော်နေ့” ဟု သတ်မှတ်ကျင်းပခဲ့သည်။

ပုံစာ- ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား

#စစ်ကောင်စီ #၇၉နှစ်မြောက်တပ်မတော်နေ့ #စစ်ရေးပြအခမ်းအနား #ညပိုင်းအချိန် #ကျင်းပမည် #Ayeyarwaddy_Times