
ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
ဧရာဝတီတိုင်း၊ ချောင်းသာမြို့တွင်းရပ်ကွက်နှစ်ခု၌ ပြီးခဲ့သည့် မတ်လ ၂၂ရက်ညက ဆိုင်ကယ်ခိုးမှု(၈)မှုထက်မနည်းဖြစ်ပွားခဲ့ကာ ခိုးယူသူများကို ဖမ်းမိသော်လည်း ပြန်လွှတ်ပေးခဲ့ကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသခံများထံကသိရသည်။
ချောင်းသာမြို့ အမှတ် (၁)ရပ်ကွက်နှင့်အမှတ်(၂)ရပ်ကွက်တို့တွင် ပြီးခဲ့သည့်မတ်လ ၂၂ ရက် ညက ဆိုင်ကယ်ရှစ်စီးထက်မနည်း ခိုးယူခံရမှုတပြိုင်နက် ဖြစ်ပွါးခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ဒေသခံများထံကသိရသည်။
“၂၂ ရက်ညက ရပ်ကွက်နှစ်ခုစလုံးဆိုင်ကယ်တွေဆက်တိုက်အခိုးခံရတယ်။ တစ်ညထဲနဲ့ဆိုင်ကယ်ရှစ် ပါသွားတာ။ အိမ်ထဲမှာသေချာဇက်သော့ခတ်ထားတာကို မရမက သော့ဖျက်ခိုးခံရတယ်။ အခိုးခံရတဲ့အိမ်တွေအတူတူပဲဖြစ်သွားတာ။ တရုတ်ဆိုင်ကယ်တွေဆိုမယူဘူး။ယိုးဒယားဆိုင်ကယ်တွေ ခိုးခံရတာ”ဟု ကိုယ်တိုင်ကြုံ တွေ့ခဲ့သည့် အမှတ်(၁)ရပ်ကွ
က်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ဆိုင်ကယ်ခိုးမှုကျူးလွန်သူများအား ညတွင်းချင်း မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့မှ ဖမ်းဆီးနိုင်ခဲ့သော်လည်း ပြန်လည်လွှတ်ပေးခဲ့ကာ ခိုးယူခံရသည့်ဆိုင်ကယ်များအား ရောင်းချရန် ကြိုးပမ်းနေကြောင်း မြို့နယ်ရဲစခန်းနှင့်နီးစပ်သည့်ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ဆိုယ်ကယ်ခိုးတဲ့သူတွေ ငါးယောက်လောက်မိတယ်။ ခိုးတဲ့ဆိုင်ကယ်တွေနဲ့ပါလက်ပူးလက် ကြပ်မိတာ။ အဲဒါကို နယ်ထိန်းလုပ်သူတွေကပြန်လွှတ်ခိုင်းလိုက်တယ်။ နောက်ပြီး ခိုးခံရတဲ့ ဆိုင်ကယ်တွေကိုပါနယ်ထိန်းနဲ့ အမှုစစ်တွေ ပေါင်းပြီးသူခိုးဈေးနဲ့ပြန်ရောင်းထုတ်တယ်။ဆိုင်ကယ် ပိုင်ရှင်အမှန်တွေလည်းပြန်ဝယ်ပြီးရွေးထုတ်ရတဲ့သဘောဖြစ်နေတယ်”ဟု ရဲသတင်းရင်းမြစ်တစ်ဦးကဆိုသည်။
ချောင်းသာတွင် ယခုမတ်လ ပထမအပတ်ကစပြီး ညစဉ် ဆိုင်ကယ်ခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွားခဲ့ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းဒေသခံများကပြောသည်။
#ချောင်းသာ #ဆိုင်ကယ်၈စီးခိုးခံရ #ခိုးမှုကျူးလွန်သူများ #ပြန်လွှတ်ပေး #Ayeyarwaddy_Times