
ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မတ် ၂၅ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ထန်းကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ၂၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ၃၆၀၁ PPDF တပ်ရင်း Sniperအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်အား ၅၀ ဝန်းကျင် ဖြင့် ထန်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၅ လုံးမီးလောင်ကျွမ်းခဲ့ပြီး အဆိုပါစစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ အရာရှိ စစ်ဗိုလ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
“အဲ့ဒီစစ်ကြောင်းက ဒီဘက်မှာရှိနေတာ နှစ်လကျော်ပါပြီ။ သစ်ပုတ်ရွာကထွက်လာတဲ့ အင်အား ငါးဆယ်လောက်နဲ့ ထွက်လာတဲ့စစ်ကြောင်းက ထန်းကုန်းရွာကို မီးရှို့တယ်။ မီးရှို့ပြီး ထွက်လာတဲ့ စစ်ကြောင်းကို ကျွန်တော်တို့က ကြားဖြတ်တိုက်ခိုက်တာဖြစ်တယ်” ဟု ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်မှ အရာရှိစစ်ဗိုလ်၏ အလောင်းကို ပုခက်ဖြင့်သယ် ဆောင်ကာ စက်လှေဆိပ်မှတဆင့် စက်လှေဖြင့် ပေါင်းတည်ဘက်သို့ ပြန်လည် သယ်ဆောင်သွားကြောင်းလည်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပေါင်းတည်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုး မီးရှို့နေသည်မှာ နှစ်လဝန်းကျင်ကြာမြင့်နေပြီဖြစ်ကာ ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့ ကလည်း မကျီးစမ်းကျေးရွာကို မီးရှို့နေသည့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား သုံး ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပေါင်းတည် #မီးရှို့စစ်ကြောင်းထိုး #စစ်ကောင်စီတပ် #အရာရှိသေဆုံး #Ayeyarwaddy_Times