
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၂၅ရက်
ယခု မတ်လ တစ်လအတွင်း မြန်မာနိုင်ငံမှနေ၍ ထိုင်းနိုင်ငံဘက်အခြမ်းသို့ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာ၍ ဖမ်းဆီးခံရသူများတွင် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ် အတွင်းရှိ လူငယ်များ အများဆုံးပါဝင်နေပြီး ဖမ်းဆီးခံရသူလူဦးရေမှာ နေ့စဉ် မြင့်တက်လာနေကြောင်း သိရသည်။
“လက်ရှိ အဖမ်းခံရတဲ့သူတွေကတော့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားမှာရှိတဲ့ အရွယ်ကောင်း လူငယ်မောင်မယ်တွေပေါ့။ မြန်မာနိုင်ငံမှာ ပြဌာန်းလိုက်တဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကို စိုးရိမ် ထိတ်လန့်ပြီး စစ်မှုထမ်းဥပဒေကလည်း လွတ်အောင် မိသားစုစားဝတ်နေရေးလည်း အဆင်ပြေအောင် ဆိုပြီး ထွက်ပြေးလာကြပြီး လမ်းမှာအဖမ်းခံကြရတာ” ရွှေပြောင်း မြန်မာနိုင်ငံသား အလုပ်သမားအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုင်း-မြန်မာနယ်စပ်မှ ဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသူများမှာ ယခုမတ်လ အတွင်း ၁၀၀၀ ကျော်အထိရှိနေပြီး နယ်စပ်ဖြတ်ကျော်လာမှုနှင့် ဖမ်းဆီးခံရသူများ၏ စာရင်းကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ထိုင်းဘုရင့်တပ်မတော် သတင်းထုတ်ပြန်ရေးမှ ရရှိသည့် အချက် အလက်များကို ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။
” အများဆုံးကတော့ထိုင်းနဲ့ ကရင်ပြည်နယ် နယ်စပ် ကန်ချနပူရီ ခရိုင်က အများဆုံးပဲ။ နောက် ဒုတိယအများဆုံးကတော့ တာ့ခ်ခရိုင် နယ်စပ်ဖြစ်တဲ့ မဲဆောက်ပေါ့” ဟု ဦးမိုးကြိုးက ဆိုသည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းလူဝင် မှုကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ် တစ်လခွဲ မှ နှစ်လအထိ အပြစ်ပေးခံရမည် ဖြစ်ကြောင်း ထိုင်းသတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ- မတ်လ ၂၅ ရက်နေ့က ကန်ချနပူရီတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ
#မတ်လအတွင်း #ထိုင်းနိုင်ငံသို့ဝင်ရောက် #မြန်မာနိုင်ငံသား၁၀၀၀ကျော် #ဖမ်းဆီးခံရ #Ayeyarwaddy_Times