နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့ ပြုလုပ်ရန် ရည်ရွယ် ထားသော ရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်ရေးကို ယခု ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်ပါက ယင်းရွေးကောက်ပွဲအား အပိုင်းလိုက် ကျင်းပမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် မတ် ၁၈ ရက်က ရန်ကုန်တွင် ရုရှားမီဒီယာဖြစ်သည့် ITAR-TASS Media နှင့် တွေ့ဆုံအင်တာဗျူးရာ၌ ထိုကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာအရ သိရသည်။

“မဲစာရင်း မှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရမှာ၊ ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့ လုပ်ပါမယ်၊ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့။ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနှင့်အညီ ကျွန်တော်တို့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲကိုမဲစာရင်း အကြောင်းပြ အတင်းအဓမ္မ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်က လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးသည် ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက် ဖြစ်သည်ဟုဆိုကာ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ပြီးဆုံးသွားပါက ရွေးကောက်ပွဲ ပြန်လုပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

သို့သော် စစ်ကောင်စီသည် ၎င်းတို့ ရည်ရွယ်ထားသော ရွေးကောက်ပွဲအား မည်သည့်ကာလတွင် ကျင်းပမည်ဆိုခြင်းကိုမူ လက်ရှိအချိန်ထိ သတ်မှတ်နိုင်ခြင်း မရှိသေးသကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေလည်း ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်၏ ပြောဆိုချက်အရ ရွေးကောက်ပွဲကို ပြုလုပ်မည်ဆိုလျှင် ယခုနှစ်သည် ရက်သိပ်မကျန်တော့သဖြင့် လာမည့် ၂၀၂၅ ခုနှစ်ထဲတွင် ဖြစ်နိုင်မည်ဟု ထင်မြင်မိကာ အပိုင်းလိုက် ကျင်းပမှုသည်လည်း အိန္ဒိယတွင် ပြုလုပ်ကြောင်း ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အဲဒီတော့ လုပ်လို့ မဖြစ်ဘူး၊ ဖြစ်တယ်တော့ မဟုတ်ဘူးပေါ့နော်။ အစိုးရတစ်ခုအနေနဲ့ လုပ်မယ်ဆိုရင်တော့ လုပ်လို့ရမှာပေါ့။ တစ်ခုရှိတာကတော့ လုံခြုံရေးအတွက်ကတော့ သေချာတာဝန် ယူရမှာပေါ့လေ။ လုံခြုံရေးအတွက်ကလည်း နစက (စစ်ကောင်စီ) ဥက္ကဋ္ဌကြီးအနေနဲ့ သူတို့တာဝန်ယူနိုင်လို့ အဲဒီလိုစကားမျိုး ပြောတာလည်း ဖြစ်မှာပေါ့လေ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် ယခုနှစ် အောက်တိုဘာတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူသွားရန် ပြင်ဆင်နေသကဲ့သို့ စစ်ခေါင်းဆောင်ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါ ပြဋ္ဌာန်းတချို့ကိုလည်း ဖြေလျော့ပေးကာ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ” အား မကြာသေးမီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို မဖြစ်မနေ လုပ်မည်ဆိုခြင်းမှာ ၎င်းတို့၏ နောက်ဆုံး နိုင်ငံရေးထွက်ပေါက်ရနိုင်ရေး ကြိုးစားနေခြင်း ဖြစ်သော်လည်း စစ်ကောင်စီကို ဖြုတ်ချနိုင်သော အချိန်ရောက်မှသာလျှင် တည်ငြိမ်မှု ရှိမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“သူ့မှာ အခြားရွေးချယ်စရာ မရှိတော့တဲ့အောက်မှာ ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို သုံးပြီးတော့ ပြောဆိုနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်ကျင်းပနိုင်တဲ့ အခြေအနေ မရှိပါဘူး။ နောက် မကျင်းပနိုင်ရင် ကျင်းပနိုင်မယ့် နေရာမှာ လုပ်မယ်ဆိုတာကတော့ သူတစ်စုံတစ်ရာ ထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးပြကြီးတွေပေါ့ဗျာ။ အဲလိုနေရာတွေမှာတော့ သူလုပ်ချင်လုပ်မယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သို့သော် အဆိုပါ လုပ်ဆောင်မှုသည် (၂၅) ရာခိုင်းနှုန်းတောင်မှ မပြည့်မီနိုင်သည့်အတွက် မည်သို့မျှ စစ်ကောင်စီ၏ ယင်းရွေးကောက်ပွဲသည် အောင်မြင်သော၊ ဒီမိုကရေစီ နည်းကျသော ရွေးကောက်ပွဲဟု ကမ္ဘာက အသိအမှတ်ပြုမည် မဟုတ်ကြောင်း စောင့်ကြည့်လေ့လာသူများ၏ သုံးသပ်ချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် မထူးဇာတ် ခင်းနေရသည့်အောက်တွင် ရွေးကောက်ပွဲ ကျင်းပ၍ အာဏာလွှဲပြောင်း ပေးမည်ဆိုခြင်းသည်လည်း စစ်ခေါင်းဆောင်၏ နိုင်ငံရေး ထွက်ပေါက်ရရန်အတွက် ပစ်နေသော သင်္ကြန်အမြှောက်သာဖြစ်ကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။

#စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #မဲစာရင်း #ရွေးကောက်ပွဲ #အပိုင်းလိုက်ကျင်းပမည်#
#Ayeyarwaddy_Times