Ayeyarwaddy Times ကို ကူညီပါ

ပြည်သူနှင့်အတူ ရပ်တည်နေသည့် လွတ်လပ်သောသတင်းဌာန Ayeyarwaddy Times ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန် သင်၏ကူညီထောက်ပံ့မှု အထူးလိုအပ်နေပါသည်။

မြန်မာပြည်သူလူထုထံ တိကျမှန်ကန်သောသတင်းများ ဆက်လက်ပေးပို့နိုင်ရန် ကျေးဇူးပြု၍ Ayeyarwaddy Times ကို ကူညီပါ။

💖 Donate Now

မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၂၄ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီရုံးရှိရာ ပင်လုံခန်းမရှေ့တွင် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် စာမေးပွဲဖြေမည့် EPS-TOPIK မှတ်ပုံတင်ကြေးပေးသွင်းရန် ညအိပ် စောင့်ဆိုင်းနေသူများထဲမှ အယောက် ၆၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ငွေပေးသူများကိုပြန် လွှတ်ပေးကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၂ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသူများထဲမှ အယောက် ၆၀ ကျော်ကို စစ်ကောင်စီက ၀င်ရောက်ဖမ်းဆီးခဲ့ပြီး တန်းစီစောင့်ဆိုင်းသူများမှာ စုစုပေါင်း ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၃ )ရပ်ကွက်၊ ပင်လုံခန်းမရှေ့ တွင် ကိုရီးယားစာမေးပွဲ‌ဖြေဆိုရန် ဖောင်တင်သွင်းရာ၌ နေရာမရမည်စိုး၍ ည‌သန်းခေါင်အချိန်တွင် လာရောက် တန်းစီစောင့်ဆိုင်းနေသူများကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ထိုသို့ ညအိပ်တန်းစီသူများကို တန်းစီခြင်းမပြုရန် ပြီးခဲ့သည့်ရက်ပိုင်းက သတိ ပေးထားကြောင်း သိရသည်။

“စစ်သားတွေရောက်လာပြီး တန်းစီနေတဲ့ လူတွေကို ဆွဲဖမ်းတာ။ ပြေးတဲ့လူတွေကပြေး၊ ဒဏ်ရာရတဲ့သူ တွေကရနဲ့။ ပါသွားတဲ့လူတွေ မနည်းဘူး။ သူတို့စီးလာ တဲ့ကားတွေနဲ့ တင်ခေါ်သွားတာ အပြည့်ပဲ။ ဖမ်းခံရတဲ့ သူတွေ ပိုက်ဆံပေးပြီး အချို့လွတ်လာတယ်ပြောတယ်။ ဘယ်လောက်ပေးရတယ်တော့ မသိဘူး”ဟု အနီး၀န်းကျင်ရှိ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပင်လုံခန်းမတွင် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ EPS-TOPIK အတွက် မှတ်ပုံတင်ကြေးနှင့် ဖောင်များကို ယခု မတ် ၁၉ ရက်နေ့မှစပြီး လက်ခံနေသည့်အတွက် တစ်နေ့လျှင်လူဦးရေ ထောင်ချီ၍တန်းစီစောင့်ဆိုင်းနေကြကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရှိလူငယ်များအနေ ဖြင့် စစ်ရေးမငြိမ်မသက်မှုနှင့် အလုပ်အကိုင်ရှားပါးမှု များကြောင့် ပြည်ပသို့ထွက်ခွာရန် ကြိုးစားနေကြပြီး ယခုစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပြည်ပထွက် ခွာလိုသူ လူငယ်များ ပိုမိုများပြားလာသည်ကို တွေ့ရ သည်။

ပုံစာ- ကိုရီးယားဘာသာ အရည်ချင်းစစ်ဖြေဆိုရန် ဖောင်တင်သွင်းရန် စောင့်ဆိုင်းနေသူများ
#ရန်ကုန် #ဒဂုံမြို့သစ် #မြောက်ပိုင်း #ပင်လုံခန်းမ #ကိုရီးယား #မှတ်ပုံတင်ကြေး #တန်းစီ #ပြည်သူ #စစ်ကောင်စီ #ဖမ်းဆီး #Ayeyarwaddy_Times