ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၄ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ လက်နက်ချ အညံ့ခံရန် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က အလိုအလျှောက်ပျံ့ကျဲစနစ်ဖြင့် ပျံ့နှံ့စေခဲ့သော သတိပေးစာများ ကို ဝေဟင်ကနေပြီး ဖြန့်ဝေခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ လက်နက်ချ အညံ့ခံရန် နှင့် ပြည်သူများ အချိန်တိုင်းစစ်ရေးသတိရှိကြရန် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်များသည် ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီ ခန့်က စတင်၍ သတိပေးစာများ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလို သတိပေးစာဖြန့်ဝေတဲ့သဘောက အဓိကက ပြည်သူတွေကို ပိုပြီးသတိရှိလာစေဖို့နဲ့ စစ်ကောင်စီတပ်သားတွေအချိန်မီအမြင်မှန်ရစေဖို့ပါပဲ။ ပြီးတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအမှန်ကိုသူတို့သိမနေဘူးလေ။ဒါကြောင့် အားလုံးသိရ အောင်လို့ အခုလို စာစောင်တွေကို ဖြန့်ဝေခြင်းဖြစ်တယ်” ဟု လောင်းလုံးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မှ ပကဖ တာဝန်ရှိသူ ကိုရှဲဒိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ သတိပေးစာများတွင် “ပြည်သူများ စစ်ကောင်စီတပ်သားများနှင့်ဝေးဝေးနေပါ” ၊ “ပြည်သူသည်သာအဓိက ပြည်သူများအဆုံးသတ်တိုက်ပွဲ ဆင်နွှဲကြ ပါဝင်ကြ” ၊ “မင်းတို့အဘတွေပြေးနေကြပြီ မင်းတို့အသက်နှင့် မင်းတို့လွတ်မြောက်ရာ မင်းတို့ကိုယ်တိုင်ရွေး” ၊ ” အကြမ်းဖက်စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံပါ” ၊ “မင်းတို့အဘတွေက သူတို့မိသားစုတွေကို နိုင်ငံခြားမှာပို့ထားပြီးပြီ မင်းတို့ကအသေခံနေတုန်း” ၊ “မင်းတို့အဘတွေပဲ အသက်နဲ့မဟုတ်ဘူး မင်းတို့မှာလည်း အသက်နဲ့ပဲ မသေချင်ရင်ပြေးတော့” ၊ “စစ်ကောင်စီတပ်သားများ စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံးစွန့်ခွာပါ” ၊ “မင်းတို့အသက်ပေးတိုက်ခိုက်နေလည်း အဓိပ္ပာယ်မရှိဘူး မင်းတို့မနိုင်တော့ဘူး” စသည့် စာသားများ ရေးသား ထားသည့် အသိပေးဖြန့်ဝေစာများပါရှိကြောင်းသိရသည်။

ထို့အပြင် ပြည်သူများ အချိန်တိုင်း စစ်ရေးသတိရှိကြရန် နှင့်ပြည်သူတရပ်လုံး၏ ဘုံရန်သူဖြစ်သည့် စစ်ကောင်စီ အန္တရာယ်မှလွတ်မြောက်ရန် သတိဝီရိယရှိရှိ နေထိုင် သွားလာကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အသိပေး တိုက်တွန်းထားသည်။

ဓာတ်ပုံ ၊လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#စစ်ကောင်စီတပ်သားများ #လက်နက်ချအညံ့ခံ #လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ #သတိပေးစာများဖြန့်ဝေ #Ayeyarwaddy_Times