ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၂၄ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ယမန်နေ့၊ မတ်လ ၂၃ ရက်နေ့က ထွက်ခွာလာသော စစ်ကောင်စီယာဉ် ၂၀၃ စီးသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ဘက်သို့ ဦးတည်လာနိုင်ခြင်းကြောင့် လုံခြုံ‌ရေးအခြေအနေအရ မင်းတပ်-ကျောက်ထုလမ်းပိုင်းနှင့် မင်းတပ်-ဆောလမ်းပိုင်းတို့ကို ယာယီပိတ်ပင်ထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က ထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်သည်အင်အားဖြည့်တင်းရန်နှင့် လက်နက်ရိက္ခာဖြည့်တင်းရန် စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်လာသဖြင့် တန်ပြန်စစ်ဆင်ရေးဆင်နွှဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန် အဆိုပါလမ်းများကို ယနေ့၊ မတ်လ ၂၄ ရက်နေ့မှ စတင်၍ ယာယီပိတ်ထားကြောင်းထုတ်ပြန်ထားသည်။

“အခုလက်ရှိက ပခုက္ကူကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းက ကံမ္မဘက်ကို ကျော်လာပြီ။ အခုနောက်ဆုံးသတင်းအရဆိုရင် အသုတ်လိုက်ပေ့ါလေ။ စစ်ကောင်စီ စစ်ကား ၁၀၃ စီးရှိတယ်။ စစ်ယာဉ်တန်းက မင်းတပ်-ကန်ပက်လက်ဖက်ကို စစ်လက်နက်ခဲယမ်း၊ ထောက်ပို့တွေလာဖို့အတွက်လို့ ကျွန်တော်တို့က ယူဆတယ်။ အဲ့ဒီအတွက်ကို ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ မင်းတပ်-ကျောက်ထုလမ်း၊ ပြီးရင် ဆော-မင်းတပ်လမ်းတလျှောက်ကို လောလောဆယ် လမ်းအသုံးပြုခွင့် ယာယီ ပိတ်ပြီး စစ်ရေးအရ ပြင်ဆင်မှုတွေ ပြုလုပ်တဲ့သဘောပါခင်ဗျား”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သော ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့ (ကန်ပက်လက်)သည် ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်း စစ်ဆင်ရေးအတွက် လေ့ကျင့်မှုများလည်း ပြုလုပ်လျှက်ရှိပြီး အဆိုပါ လမ်းပိုင်းအား အများပြည်သူအသုံးပြုရန် အန္တရာယ်ရှိနေသေးသည့်အတွက် အသုံးပြုခွင့်ကို ပိတ်ထား ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါလမ်းပိုင်းများအား အများပြည်သူ ပြန်လည်အသုံးပြုနိုင်မည့် နေ့ရက်ကို ပြန်လည် ထုတ်ပြန်ပေးမည်ဟုသိရပြီး ထုတ်ပြန်ချက်အား လေးစားလိုက်နာရန်နှင့် လိုက်နာခြင်း မရှိဘဲ ဖြတ်သန်းသွားလာပါက ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာ- ပခုက္ကူကနေ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းနှင့် CDF-မင်းတပ် တပ်ဖွဲ့ဝင်များ။
#ချင်းပြည်နယ် #ဦးတည် #စစ်ကောင်စီယာဉ်တန်း #မင်းတပ် #ကျောက်ထုလမ်းပိုင်း #ဆောလမ်းပိုင်း #ယာယီပိတ်ပင် #Ayeyarwaddy_Times