
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၄ ရက်
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့စစ်သား စုဆောင်းရေး ကို အဓိက လုပ်ဆောင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ဝန်ထမ်းနှစ်ဦးကို ခေတ္တထိန်းသိမ်းထားတယ်လို့ Nway Oo Guerilla Force – နွေဦးပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူထံက သိရသည်။
ယမန်နေ့ မတ်လ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၃၀ ခန့်က လောင်းလုံး – ထားဝယ် လမ်းပိုင်းတစ်နေရာတွင် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်ငြိမ်းငြိမ်းကို စစ်ဆေးခဲ့ရာတွင် သံသယ ဖြစ်ဖွယ်စစ်ဆေးမှု အချို့တွေ့ရှိ၍ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။
ထပ်မံရရှိသော သတင်းအချက်အလက်များအရ ညနေ ၅နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးတာဝန်ခံ ဒေါ်စောကြူ အား ၎င်းနေထိုင်ရာ ပြင်းထိန်ကျေးရွာ နေအိမ်တွင် သွားရောက်ခေါ်ဆောင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီ လက်အောက်ခံဝန်ထမ်း နှစ်ဦးက အခုစစ်မှုထမ်းဖို့ အတွက် စစ်သားစု ဆောင်းရေးမှာ အဓိကပါဝင်နေသူတွေပေါ့။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့ စစ်ဆေးမေးမြန်းစရာ ရှိလို့ ခေတ္တခဏ ထိန်းသိမ်းထားတာပါ။ သူတို့ကို နောက်ထပ် မလုပ်ဖို့ သတိပေးမယ်။ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီး ရင်တော့ ပြန်လွှတ်ပေးမယ်” ဟု Nway Oo Guerilla Force – နွေဦး ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
တနင်္သာရီတိုင်းက မြို့နယ်အချို့တွေမှာ မေလ ဒုတိယပတ်ကစပြီး လူဦးရေ စာရင်းကောက်ယူခြင်းများ ပြုလုပ်လျှက်ရှိသည့်အတွက် စစ်မှုထမ်းကိစ္စရပ်တွင် ပါဝင်နေသည့် စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများကို လက်ရှိဆောင်ရွက်နေမှုများ ရပ်တန့်ရန် တော်လှန်ရေးအင်အားစုများက အသိပေး ပြောဆိုထားသည်။
ဓာတ်ပုံ-နွေဦးပြောက်ကျားတပ်ဖွဲ့
#လောင်းလုံး #စစ်ကောင်စီတပ် #စစ်မှုထမ်းရန် #စစ်သားစုဆောင်း #ထွေအုပ်၀န်ထမ်း၂ဦး #နွေဦးပြောက်ကျားတပ်ဖွဲ့ #ဖမ်းဆီးထိန်းသိမ်း #Ayeyarwaddy_Times