
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
မတ်၂၄ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသည် လက်နက် ခဲယမ်း အပြည့်စုံဖြင့် ချင်းလဲန်း ကာကွယ်ရေးတပ်ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။
ကလေးမြို့မှ စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်သား နှစ်ဦးသည် ယနေ့တွင် ၎င်းတို့၏ G3 သေနတ် နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်ဆံ ၄၇၀ တောင့်နှင့်အတူ Chinland Defense Force – Kalay Kabaw Gangaw (CDF – KKG) ထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးမြို့ ရဲတပ်ရင်း (၁၆) က ရဲတပ်သား နှစ်ဦး အလင်းဝင်လာကြတာ ဖြစ်ပါတယ်။ အဲ့ဒီ ရဲတပ်သား နှစ်ဦးဟာ အသက် ၂၅ နှစ်အရွယ်၊ အသက် ၂၆ နှစ်အရွယ်တွေဖြစ်တယ်။ သူတို့ဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပေးတဲ့အတွက် ဆုကြေးငွေ ချီးမြင့်ပါတယ်။ ကျန်တာက လုပ်ထုံးလုပ်နည်းအတိုင်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားတယ်။ သူတို့သွားချင်တဲ့နေရာ ပို့ပေးမယ်” ဟု CDF-KKG မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရဲတပ်သားနှစ်ဦးသည် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသည့်အတွက် ၎င်းတို့ကို CDF-KKG မှ ဆုကြေးငွေ ကျပ်သိန်း ၅၀ ဆု ချီးမြင့် ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း ကလေးမြို့မှ ရဲတပ်သား တစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ CDF-KKG ထံ အလင်းဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် CDF-KKG ထံ အလင်းဝင်ရောက်လာသည့် ရဲတပ်သား စုစုပေါင်း လေးဦးရှိပြီဖြစ်ကြောင်းသိရသည်။
ပုံစာ- အလင်းဝင်ရောက်လာသည့် ရဲတပ်ဖွဲ့ဝင် နှစ် ဦးကို တွေ့ရစဉ်
#စစ်ကိုင်း #ကလေးမြို့ #ရဲတပ်သားနှစ်ဦး #လက်နက်ခဲယမ်း #အလင်းဝင် #CDFKKG #Ayeyarwaddy_Times