
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၄ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ၊ မင်းသားကျေးရွာတွင် အထိုင်ချတပ်စွဲထားသော ပျူစောထီး နှင့် စစ်ကောင်စီတပ်သားများနေထိုင်သည့် တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက် သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒေါနတပ်ခွဲ (၄) တာဝန်ရှိသူထံက သိရသည်။
မွန်ပြည်တော်လှန်ရေးတပ်နှင့် မဟာမိတ်များတပ်ပေါင်းစုများသည် ယမန်နေ့ မတ်လ ၂၃ ရက် နံနက် ၅နာရီ ၃၀ မိနစ်ခန့်က မင်းသားကျေးရွာရှိ အင်အား ၇၀ ခန့် တပ်စွဲနေထိုင်လျှက်ရှိသော ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများနေထိုင်သည့် တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မင်းသားရွာက ပျူစောထီးတွေက ရွာမှာ စစ်မှုထမ်းဖို့အတွက် လူသစ် စုဆောင်း နေကြတယ်။အနီးနား ပတ်ဝန်းကျင်က ရွာတွေရောပဲ့။ ပြီးတော့ ပြည်သူတွေ ဆီ မှာလည်း ခြိမ်းခြောက်ပြီး ငွေညှစ်တောင်းကြတယ်။အဲစခန်းမှာကပျူစောထီးရော စစ်ကောင်စီ တပ်သားရောက အင်အား ၇၀လောက် ရှိတယ်။ အဲဒီလို ထပ်မလုပ်ဖို့ ဖုန်းဆက်ပြောတယ်။ စာနဲ့လှမ်းပို့ပြီးပြောတယ်။ အဲဒါလည်း မရပ်ဘူး ။ ဆက်လုပ်နေလို့ အခုလို မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်”ဟု ကံပေါက်ဒေသ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ ဒေါနတပ်ခွဲ (၄) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ ပျူစောထီးစခန်းအား ၂ နာရီ ခန့်အကြာတိုက်ခိုက်ပြီးနောက် ယမန်နေ့ နံနက် ၇နာရီ ၃၀ မိနစ်ခန့်တွင် သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဖက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး နောက်ထပ် နှစ် ဦး လည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဒေါနတပ်ခွဲ (၄) မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ထို့နောက် ဒုတိယ စစ်ဆင်ရေးအဖြစ် မွန်ပြည်နယ်၊ ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်ရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်အား ယမန်နေ့ နံနက် ၁၀ နာရီအတွင် ဒရုန်းဖြင့် ဗုံးသီး လေး လုံးကြဲကာ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဒေါနတပ်ခွဲ (၄)မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။
ထိုသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်များဖက်မှ မလွဲတောင်ဂိတ်အား သော့ခလောက်ခတ်ကာ ပိတ်ပြီးပြေးသွားကြောင်း ယာဥ်မောင်း သမားများကဆိုသည်။
ယင်းနောက် ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမကြီးအား မွန်းတည့် ၁၂ နာရီခန့်အချိန်မှစ၍ ပိတ်ထားခဲ့ပြီး ညနေ ၄ နာရီတွင် ပြန်လည်ဖွင့်ပေး ခဲ့ကြောင်း ယာဥ်မောင်းသမားများထံမှသိရသည်။
“ကားက လည်း အဲဂိတ်မှာ စစ်ဆေးနေတုန်း မှဖြစ်တာလေ။ အဲလို ဗုံးလာကြဲ လိုက်တာ နဲ့ လမ်းတွေအားလုံးပိတ်ချလိုက်တာ။ အချို့ကားသမားတွေဆိုလည်း နောက်ကြောင်း ပြန်လှည့်တာ။အချို့ကားသမားတွေက လည်း ညနေအထိစောင့်ပီး သူတို့ (စစ်ကောင်စီ) ကသွားခွင့်ပြုလို့ ညနေ ဂိတ်ဖွင့်ပေးမှ သွားရတယ်”ဟု ထားဝယ်မြို့မှ ယာဥ်မောင်း သမားတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
မလွဲတောင် စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက် အတိအကျကိုမူ သိရှိရခြင်းမရှိပေ။
အဆိုပါ စစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါနစစ်ကြောင်းနှင့် ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃)၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) ဒေါနတပ်ခွဲ(၄)၊ ဝေဟင် ဒေါနတပ်ခွဲ(၆)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) ဒေါနတပ်ခွဲ(၇)၊ ရေးသိမ်းငှက်တပ်ဖွဲ့၊ Ye Defense Force (YDF)၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊Ye Air Force (YAF)၊ ထားဝယ်ခရိုင် တပ်ရင်း(၁) မဟာမိတ်ပူးပေါင်းတပ်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ ၊ မင်းသားရွာ စခန်းသိမ်းတိုက်ပွဲအတွင်းတွေ့ရသော PDF ရဲဘော်များ။
#ရေဖြူမြို့နယ် #မင်းသားရွာ #ပျူစောထီးစခန်း #PDFပူးပေါင်းတပ် #စီးနင်းသိမ်းပိုက်မီးရှို့ #စစ်ကောင်စီတပ်ဖွဲ့ဝင် #၁၀ဦးသေဆုံး #မလွဲတောင်ဂိတ် #ဒရုန်း #ဗုံးသီးချတိုက်ခိုက် #Ayeyarwaddy_Times