ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်

စစ်ကောင်စီ အာဏာသိမ်းထားသည့် ကာလတွင် ကျန်းမာရေးစောင့်ရှောက်မှုလစ်ဟင်းနေပြီး ၂၀၂၃ ခုနှစ်တွင် တီဘီဖြစ်ပွားမှုနှုန်းမြင့်တက်ကာ တီဘီလူနာနှစ်သောင်း(၂၀,၀၀၀) ကျော်တိုးလာကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။

၂၀၂၂ ခုနှစ်တွင် တီဘီလူနာတစ်သိန်း(၁၀၀,၀၀၀) ရှိရာမှ ၂၀၂၃ ခုနှစ်တွင် တစ်သိန်းနှစ်သောင်း (၁၂၀,၀၀၀) ကျော်ရှိလာသဖြင့် တီဘီရောဂါကူးစက်ခံရသူတိုးလာပြီး ဖြစ်ပွားနှုန်း မြင့်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တီဘီလူနာ တစ်သိန်းနှစ်သောင်းကျော် ဆေးကုသပေးနိုင်ပြီး တီဘီရောဂါရှာဖွေ တွေ့ရှိမှုနည်းသောဒေသများတွင် တီဘီရောဂါဖြစ်ပွားမှုတွေ့ရှိရသဖြင့် ဆေးကုသမှုမခံရသေးသည့် လူနာများရှိနိုင်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာရှာဖွေတွေ့ရှိမှု၏ ၁၈ ရာခိုင်နှုန်းတွင် ကလေးများပါဝင်နေပြီး အသက် ၈ နှစ်အောက် ကလေးများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အာဏာသိမ်းမှု နောက်ဆက်တွဲဆိုးကျိုးများတွင် ကာကွယ်ဆေးလုံလောက်စွာ မထိုးသဖြင့် ကာကွယ် ဆေးဖြင့် ကာကွယ်နိုင်သည့် ကူးစက်ရောဂါ တီဘီရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာသည်ကို တွေ့ရကြောင်း ဆရာဝန်များထံက သိရသည်။

” ကာကွယ်ဆေးတွေလုံလောက်စွာမရတော့ ကာကွယ်ဖို့လိုတဲ့ ရောဂါတွေဖြစ်လာတယ်။ ရောဂါဖြစ်လာတော့ ဆေးလိုလာတယ်။ ဒီကာလမှာ ကာကွယ်ဆေးရော သောက်ဆေးရော ရှားပါးတယ်။ အခြားရောဂါဖြစ်ပွားမှု မြင့်တက်လာတာ‌တွေရှိတယ်။ ကလေးတွေမှာထိုးရတဲ့ ငါးမျိုးစပ်ဆေးဆို အရင်နှစ်က ဆေးမရလို့ ရက်နောက်ကျမှ ထိုးရတာတွေရှိတယ် ” ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အသက် ၁ နှစ်အောက်ကလေးငယ်များကို ဘီစီဂျီ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် အသက် ၅ နှစ်အောက်ကလေးများတွင်ဖြစ်သော တီဘီဦးနှောက်အမြှေးရောင်ရောဂါနှင့် အခြားဆိုးရွားသော တီဘီရောဂါ အမျိုးအစားများမှ ကာကွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တီဘီရောဂါသည် လေထဲမှတစ်ဆင့်ကူးစက်ပြန့်ပွားသောရောဂါဖြစ်ပြီး လျင်မြန်စွာကူးစက်ပြန့်ပွားနိုင်ကာ အသက်အရွယ်မရွေး တီဘီရောဂါဖြစ်နိုင်ပြီး အသက် ၃ နှစ်အောက် ကလေးများနှင့် အသက် ကြီးသူများတွင် ရောဂါဖြစ်ပွားမှု အန္တရာယ်အများဆုံး ဖြစ်ကြောင်း သိရသည်။

လက်ရှိ အခြေအနေထက် ပိုမိုထိရောက်နိုင်ရန် တီဘီလူနာနှင့်အတူနေ မိသားစုထဲမှ အသက် ၅ နှစ်အောက်ကလေးများနှင့် TB/HIV ရောဂါဝေဒနာရှင်များကို တီဘီရောဂါမဖြစ် အောင်ကာကွယ်ကုသခြင်း (TB Preventive Therapy, TPT) ကို အရေးကြီးဆောင်ရွက်သင့်ကြောင်း စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆိုထားသည်။

ထို့ပြင် တီဘီလူနာနှင့်အတူနေသူ အသက် ၅ နှစ်အထက်ရှိသူများကိုလည်း ဆေးဝါးတိုးချဲ့ကုသမှုပေးနိုင်ရေးစီစဉ် လျက်ရှိကြောင်း၊၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာအားလုံး၏ ၉၃ ရာနှုန်းကို HIV ပိုးရှိမရှိ စစ်ဆေးနိုင်ခဲ့ပြီး HIV ပိုးတွေ့ တီဘီလူနာ ၇၉၃၆ ဦးအနက် ၇၆ ရာနှုန်းကို ART ဆေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။

ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) Global TB report ( 2023 ) တွင် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေတစ်သိန်းတွင် တီဘီလူနာသစ် ဖြစ်ပွားနှုန်း ၄၇၅ ဦးရှိပြီး သေဆုံးနှုန်းမှာ ၈၀ ဦး ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#တီဘီရောဂါ #ဖြစ်ပွားမှုမြင့်တက် #တီဘီလူနာများလာ #Ayeyarwaddy_Times