ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မတ် ၂၄ ရက်)
နွေနေပူ ခပ်ပြင်းပြင်းကို နေ့စဉ် ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ ဒီလိုကာလမှာဆိုရင် မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို နွေအပူဒဏ်ခံနိုင်စေဖို့ ခေါင်းတုံး တုံးပေးတတ် ကြပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဟာလည်း အခုလိုကာလမှာ ဘာသာရေးအရ ဒုလ္လဘ အဖြစ် သာသနာ့ဘောင်ကို ဝင်ရောက်ဖို့အတွက် ဆံပင်ကို စွန့်ပယ်ကြပါတယ်။ ဗုဒ္ဓလမ်းစဉ်အရ ရဟန်းသံဃာ တော်တွေ၊ ရှင်သာမဏေတွေ၊ သီလရှင်တွေဟာ ဆံပင်ကို စွန့်ပယ်ပြီး ခေါင်းတုံး ဖြင့်သာ အနှောင်အဖွဲ့မှ လွတ်ကင်းကြောင်းကို ကျင့်ကြံနေထိုင်သူများ ဖြစ်ကြပါတယ်။
ဒါကြောင့် ခေါင်းရိတ်ခြင်း (ကတုံးတုံးခြင်း) နဲ့သက်ဆိုင်တဲ့ ကျန်းမာရေးအကြောင်း အရာ လေးတွေသိထားဖို့ လိုလာပါပြီ။
#ခေါင်းရိတ်ခြင်း(ကတုံးတုံးခြင်း)
ခေါင်းတုံး ရိတ်ခြင်းဟာ ပြဿနာကြီးတွေ မရှိတတ်ပါဘူး။ သို့သော် ကျန်းမာရေးဆိုင်ရာ သိထား ဖွယ်ရာလေးတွေတော့သိထားဖို့လိုပါတယ်။
ခေါင်းရိတ်တော့မယ်ဆိုရင် သန့်ရှင်းတဲ့ တစ်ခါသုံး ဘလိတ်ဓားတွေကို သုံးရပါမယ်။ ဓားတစ်ခုထဲကို လူအများမျှဝေသုံးစွဲတာမျိုး မလုပ်ရပါဘူး။ ဓားမှတဆင့် ရောဂါတွေ ကူးစက်နိုင်လို့ပါပဲ။ တုံးနေတဲ့ဓားတွေ သံချေးကိုက်နေတဲ့ ဓားတွေကို လုံးဝမသုံးသင့် ပါဘူး။ စွန့်ပစ်သင့်ပါတယ်။ HIV ပိုး အပါအဝင် သွေးမှ တဆင့်ကူးစက်တတ်တဲ့ ရောဂါတွေက ဆံပင်ရိတ်တဲ့ဓားကနေ ကူးစက်နိုင်တဲ့ အလား အလာရှိပါတယ်။ တစ်ခါသုံး ခေါင်းရိတ်ဓားများကို စနစ်တကျ အသုံးပြုရပါမယ်။
ခေါင်းတုံးပြီးတဲ့အခါ ဦးရေပြား နီရဲခြင်း၊ ကျိန်းစပ်ခြင်း၊ ယားယံခြင်း၊ ဦးရေပြား ဓားထိမိခြင်းလို ပြဿနာလေးတွေ ရှိတတ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှုတွေအရ မွေးကင်းစအရွယ်ကစလို့ ကလေး ငယ်လေးတွေကို ခေါင်းတုံးရိတ်ပေးတဲ့အကျင့်ရှိပါတယ်။ သို့သော် ကျန်းမာရေး ရှုထောင့်အရ ငယ်ရွယ်နုနယ်လွန်းတဲ့ ကလေးငယ်လေးတွေကို ကတုံးတုံးခြင်း မလုပ် သင့်ပါဘူး။ မတော်တဆများ ဦးရေပြား ဓားရှခဲ့သည်ရှိသော် ကိုယ်ခံအားနည်းတဲ့ ကလေးတွေမှာ ပိုးဝင်ပြီးဝေဒနာကြီးကြီးမားမားဖြစ်လာနိုင်ပါတယ်။
မွေးကင်းစကလေးတွေရဲ့ ဦးခေါင်းခွံအရိုးဟာ ဖွံ့ဖြိုးနေတုန်းအခြေအနေသာရှိပြီး ငယ်ထိပ်နေရာက ဟနေလျက်ရှိပါတယ်။ ကလေးအသက် တစ်နှစ်ခွဲ ၊ နှစ်နှစ် အရွယ် ကျမှသာ ငယ်ထိပ်ကလေးက အရိုးတွေဆက်ပြီး ပိတ်သွားမှာဖြစ်ပါတယ်။
ငယ်ထိပ် မပိတ်သေးတဲ့ ကလေးတစ်ယောက် ခေါင်းတုံးနေစဉ် မတော်တဆ ငယ်ထိပ်ဦးရေပြား ဓားရှမိပါက အနာရင်းပြီး ဦးနှောက်ထဲအထိ ပိုးဝင်သွားနိုင်တဲ့ အခြေအနေရောက်သွားနိုင်ပါတယ်။ ဒါဆိုရင်တော့အသက်အန္တရာယ်လည်း စိုးရိမ်ရနိုင် ပါတယ်။
နုနုထွတ်ထွတ် ကလေးတွေကို ခေါင်းတုံးတာဟာ အန္တရာယ်ရှိနိုင်ကြောင်း သိထားပါမှ ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။
ဦးရေပြားဆိုတာ ဆံပင်တွေနဲ့အုပ်ထားတဲ့ နေရာဖြစ်သော်လည်း ကတုံးတုံးလိုက်ခြင်း ကြောင့်နေရောင်ခြည်နဲ့ ထိတွေ့မိပြီး ဦးရေပြားနေလောင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေ့ဘက်အပြင်ထွက်မယ်ဆိုပါက ဦးထုပ်၊ ခေါင်းပေါင်း ထီးတွေအသုံးပြုဖို့လို အပ်ပါတယ်။
ကတုံးတုံးပြီးသွားတဲ့အခါမှာလည်း ဦးရေပြားကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ဦးရေပြား မှိုရောဂါတွေဖြစ်တဲ့ ဗောက်ရောဂါ ဒက်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ သာသနာဘောင်အတွင်းက ကိုရင် (ရှင်သာမဏေ) တွေ သီလရှင် တွေမှာ အဖြစ်များတာ အားလုံးသိပြီးဖြစ်ကြမှာပါ။
နေရထိုင်ရခက်သည်အထိ ယားယံလာတဲ့အခါ ဦးရေပြားကုတ်ဖဲ့မိပြီး ခေါင်းပေါ်မှာ အမာရွတ်များ ရသွားတတ်တာကြောင့် ဗောက်နှင့်ဒက်ကို ပျောက်ကင်းကုန်စင်အောင် ကုသရပါမယ်။
#ကူးစက်ရောဂါများနှင့်ခေါင်းတုံးတုံးခြင်း
နွေရာသီတွင်ကူးစက်ဖြစ်ပွားတတ်သော ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးစနစ် ပြိုလဲသွား၍လက်ရှိအချိန်မကာကွယ်နိုင်တော့တဲ့ ဝက်သက်ရောဂါ ကဲ့သို့ ကူးစက်ရောဂါတွေ ဖြစ်ပွားပါကလည်း ကတုံးတုံးတာကို အလေ့အကျင့်တစ်ခုအနေနဲ့ မြန်မာတွေ လုပ်ကြပါတယ်။
ဖြစ်ပွားလာတဲ့အဖုအပိမ့်အစက်များကို ဆေးမှန်မှန်လိမ်းပြီး ဆရာဝန်ကညွှန်ကြားသော သောက်ဆေးများသောက်ပြီး ကုသနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးသာ ဂရုစိုက် ပေးနိုင် ရင်ရပါပြီ။ မဖြစ်မနေ ခေါင်းတုံး တုံးဖို့ မလိုအပ်ပါဘူး။
#ခေါင်းတုံးတုံးခံရသူ၏စိတ်ဒဏ်ရာ
ဆံပင်ဆိုတာ လူတွေရဲ့ဒုတိယမျက်နှာပဲဖြစ်ပါတယ်။ လောကမှာလူတိုင်းကတော့ မိမိကိုယ်မိမိ လှချင် ကြည့်ကောင်းချင်ကြပါတယ်။ အုပ်ထိန်းသူ မိဘတွေရဲ့ ထိန်းချုပ်မှုကြောင့် ကတုံးတုံးခံရတဲ့အခါ စိတ်ဒဏ်ရာတွေ ခံစားရပါတယ်။
ကိုယ့်သဘောဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ယူတဲ့အခါ ခါးသီးတဲ့ စိတ်ဒဏ်ရာကြီးတစ်ခု ဖြစ်စေတယ် ဆိုတာ မေ့ထားလို့မရပါဘူး။ ခေါင်းတုံးဖြင့်အပြင်ထွက်ရမှာ ရှက်ခြင်း ၊ စနောက် ခံရမှာစိုးရိမ်ခြင်း၊ မိမိကိုယ်မိမိရွံမုန်းလာခြင်း၊ ယုံကြည်ချက်ပျောက်ဆုံးခြင်း၊ အားငယ်ဝမ်းနည်းခြင်းတွေလို စိတ်အခြေအနေတွေလည်း ကြုံရနိုင်ပါတယ်။ ယခုလိုစိတ် ခံစားမှုများကို ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆံပင်ကျွတ်ပြီး ကင်ဆာရောဂါသည် လူနာများမှာလည်း ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်အနီးနားမှာ ခေါင်းတုံးတုံးထားတဲ့သူများကို ခွဲခြားဆက်ဆံခြင်း နှိမ်ခြင်းမျိုး မပြု ကြဖို့ လိုအပ်ပါတယ်။
နောက်တစ်ပတ်မှာတော့ သေကြောင်းကြံစည်နိုင်သူများကို လျစ်လျှူမပြုဘဲ ဂရုစိုက်ပေးဖို့အရေး ကျန်းမာရေးပညာပေး ဖော်ပြပေးသွားမှာပါ။ Ayeyarwaddy Times ပရိသတ်များအားလုံးလည်း ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #နွေရာသီနှင့်ခေါင်းတုံးရိတ်ခြင်း #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)