ဧရာဝတီတိုင်းမ်
မတ်လ ၂၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် ကဗျာဆရာ ကိုအောင်ခန့်ဇော်(ခ)ဗိုလ်ဂျပန်ကြီးဟာ မတ်လ ၂၂ ရက်နေ့က တိုက်ပွဲတွင်ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာနေသည့် မုန်းမြို့အနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

” ဖြစ်တာက ကင်းလှည့်သွားရင်းနဲ့ စစ်ကောင်စီတပ်က ချောင်းပစ်တာခံရသလိုဖြစ်သွားတာ။ စစ်ကောင်စီတပ်ကင်းပုန်းနဲ့ ထိပ်တိုက်တွေ့ပြီး သူ့ပစ် ကိုယ်ပစ် ပစ်ပြီး ကျသွားတာ”ဟု နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

တိုက်ပွဲတွင်ကျဆုံးခဲ့သည့် ကိုအောင်ခန့်ဇော်(ခ) ဗိုလ်ဂျပန်ကြီးသည် ပုသိမ်ခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ (၄)ရဲ့ တပ်ခွဲမှူး တာဝန်ယူထားသူတစ်ဦးဖြစ်ပြီး လှည့်ကင်းသွားချိန် ထိတွေ့တိုက်ပွဲတွင် ၎င်းတစ်ဦးသာ ကျဆုံးခဲ့ခြင်းဖြစ်သည်။

ကိုအောင်ခန့်ဇော်(ခ) ဗိုလ်ဂျပန်ကြီးသည် ပရဟိတလုပ်ငန်းများလည်း လုပ်ကိုင်သူတစ်ဦးဖြစ်သလို ကိုဗစ်ကာလတွင်လည်း စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

၎င်းကျဆုံးပြီးနောက် ဧရာဝတီတိုင်း ဒေသခံ တော်လှန်ရေးအင်အားစုများမှာ လူမှုကွန်ရက်စာမျက်နှာများတွင် ဝမ်းနည်းကြောင်းရေးသားမှုများပြုလုပ်မှုများလည်းရှိနေသည်။

#ကဗျာဆရာ #အောင်ခန့်ဇော် #ဗိုလ်ဂျပန်ကြီး #ဂျပန်ကြီး #ကျဆုံး #ပုသိမ်မြို့ #Ayeyarwaddy_Times