
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၂၂ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ရှိ ရွာထဲတွင် ယမန်နေ့၊ ညနေ ၅ နာရီခန့်က လေကြောင်းဖြင့် စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရသေးကြောင်းမင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
“တိုက်နယ် ၁ က ရွာတစ်ရွာကို ပစ်သွားတယ်။ ဗုံး လေးလုံး ကြဲတယ်။ တစ်ကြိမ်ကြဲရင် နှစ်လုံး၊ နှစ်ကြိမ်ကြဲတယ်။ ပြီးတော့ လေယာဥ် စက်သေနတ်နဲ့ ပစ်တယ်။ ပြီးရင်း ပြန်ထွက်သွားတယ်။စစ်ကောင်စီကတော့ သူလုပ်ချင်သလို လုပ်တာပဲ။ ယုတ်မာချင်သလို ယုတ်မာတာပဲ။ ဘာမှ အထူးတလည် ပြောဖို့ မရှိပါဘူး။ ကျနော်တို့က တော်လှန်ရေးအတွက် လုပ်စရာရှိတာ ဆက်လုပ်သွားရမှာပဲ”ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီက မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁၃ ၊ တိုက်နယ် ၁ နှင့် တိုက်နယ် ၃ တို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော်နှင့် အသက် ခြောက် နှစ်အရွယ် သားအမိ နှစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ လေး ဦးဒဏ်ရာရရှိခဲ့သည်။
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မတ်လ ၂၂ ရက်နေ့အထိ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လေးကြိမ်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-မင်းတပ်တွင် မတ်လ ၁၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော သားအမိနှင့်ပျက်စီးသွားသော နေအိမ်များ။
#မင်းတပ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #အမျိုးသားတစ်ဦးသေဆုံး #Ayeyarwaddy_Times