
အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှန်ရွာတွင် တောမီးကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးပြီး အဘွားအို တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင့် ဒေသခံများထံက သိရသည်။
မင်းတုန်းမြို့နယ်၊ မှန်ရွာတွင် ယမန်နေ့ မတ်လ ၂၂ ရက်၊ နေ့လည် ၁၁ နာရီခန့်မှစ၍ လောင်ကျွမ်းသည့် တောမီးကြောင့် လူနေအိမ် ၁၆၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူ အယောက် ၇၀၀ ကျော်သည် မီးဘေးသင့်နေရကြောင်း သိရသည်။
“တောမီးကနေ စလောင်ပြီး ရွာထိပ်သင်္ချိုင်းဘက် မီးကူးလို့ ရွာသားတွေက သွားဝိုင်းငြိမ်းကြသေးတယ်။ မီးငြိမ်းလို့အပြန် မီးစာတွေ ရွာသက်ကယ်မိုးအိမ်ပေါ်သွားကျတယ်။ တစ်အိမ်နဲ့ တစ်အိမ် ဆက်နေတော့ မီးမထိန်းနိုင်တော့ဘဲ တစ်ရွာလုံးနီးပါး မီးလောင်သွားတယ်။ အိမ်ခြေ ၁၄ လောက်ဘဲ ကျန်တယ်။ အဘွားတစ်ယောက်လည်း ကယ်ထုတ်ချိန်မရလိုက်ဘဲ မီးထဲ ပါသွားတယ်။ ရွာသားတွေဟာလည်း ကိုယ်လွတ်ရုန်းထွက်ပြေးလို့ ဘာပစ္စည်းမှ မယူသွားလိုက်ရဘူး။ မီးလောင်းပြီး ခဏအကြာမှာ မီးသတ်ကားတွေ ရောက်လာတယ်။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် မှန်ရွာရှိ အိမ်ခြေ ၁၈၀ အနက် ၁၆၀ ကျော်သည် မီးလောင်ပျက်စီးပြီး အသက် ၇၀ ဝန်းကျင် လေဖြတ်ဝေဒနာ ခံစားနေရသည့် အဘွားအို တစ်ဦးလည်း မီးလောင်သေဆုံးခဲ့သည်။
မီးလောင်မှုကို မင်းတုန်းမြို့နယ် မီးသတ်စခန်းမှမီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် သုံးစီး၊ မယ်ဇလီနယ် မြေမီးသတ်စခန်း မီးသတ်ယာဉ် တစ်စီး၊ ကျောက်တိုင်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့သောကြောင်း သိရသည်။
မှန်ရွာသည် ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်ပြီး မီးဘေးသင့် ပြည်သူများသည် ၎င်းကျေးရွာအနီးနားရှိ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေရာကာ အရေးပေါ် အမိုးကာနှင့် စားဝတ်နေရေးအတွက် အကူညီများလိုအပ်နေကြောင်း သိရသည်။
#သရက်ခရိုင် #မင်းတုန်းမြို့နယ် #တောမီးလောင် #အဘွားအိုတစ်ဦးသေဆုံး #Ayeyarwaddy_Times