နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ်လ၂၃ ရက်

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ အိမ်ထောင်စုအလိုက် ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်မှုထမ်းရန် အသက်ပြည့်မီသည် အသက် ၁၈ နှစ်နှင့် အသက် ၃၅နှစ်ကြားရှိ အမျိုးသားများကို အိမ်ထောင်စုစာရင်းအလိုက် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေပြီး အသက်ပြည့်မီထားသူ တစ်ဦးလျှင် ကျပ်ငွေ ၅၀၀၀၀ ကောက်ခံနေခြင်းဖြစ်ကြောင်းသိရသည်။

“စစ်မှုမထမ်းနိုင်တဲ့သူတွေက အုပ်ချုပ်ရေးမှူးကို ငါးသောင်း စီပေးရတာ။ တအိမ်ထဲမှာ သုံး ယောက်ရှိရင် သုံးယောက်စာ တစ်သိန်းခွဲ ပေးရတာ။ မဲမနှိုက်ရဘူးဆိုတာ သေချာလား မသေချာလားမသိဘဲ ငွေကတော့ပေးနေရပြီ” ဟု ဘိုကလေးမြို့ပေါ်တွင် နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အဆိုပါ ဥပဒေကို အကြောင်းပြ၍ ငွေကြေးကောက်ခံများပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

“အခုမြင်းကကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဆိုရင် NLD လက်ထက်က အုပ်ချုပ်ရေးမှူး အရွေးမခံရလို့ ရူးမလိုဖြစ်နေတာ။ အခု စစ်တပ် အာဏာသိမ်းပြီး အုပ်ချုပ်ရေးမှူး ထဖြစ်တော့ ပိုက်ဆံရမယ့်ဟာဆို အကုန်လုပ်ပြီး ကြီးပွားချမ်းသာနေပြီ” အဆိုပါဒေသခံကဆိုသည်။

ဘိုကလေးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ပါင်း ၁၀ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၄ အုပ်စုရှိပြီး စစ်မှုထမ်းခြင်း မပြုလိုသည့် ရပ်ကွက်ကျေးရွာ အုပ်စုအားလုံးရှိ အသက်ပြည့်မီသည့် လူငယ်အားလုံး ငွေကြေးပေးနေရကြောင်း ဒေသခံများထံကသိရသည်။

#ဘိုကလေးမြို့နယ် #စစ်မှုထမ်းဥပဒေ #ငွေ​ကြေးကောက်ခံ #စစ်မှုထမ်းရန် #အသက်ပြည့်မီသူများ #၅၀၀၀၀စီပေးရ #Ayeyarwaddy_Times