
ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
၂၀၂၃ ခုနှစ်သည် ကမ္ဘာ့ပျှမ်းမျှအပူချိန် အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး ကမ္ဘာရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက်အဖြစ် အပူချိန်မြင့်တက်လာရာတွင် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အသီးသီးနှင့် မြို့ကြီးများတွင်အပူချိန်မြင့်တက် လျှက်ရှိကြောင်း သိရသည်။
တစ်ကမ္ဘာ့လုံးဆိုင်ရာ ပျှမ်းမျှအပူချိန်သည် ၂၀၂၃ ခုနှစ်တွင် စစ်မှုခေတ်မတိုင်မီအခြေခံအဆင့်ထက် ၁ ဒသမ ၄၅ ဒီဂရီ စင်တီဂရိတ်ခန့်ရှိပြီး အမြင့်ဆုံးစံချိန်တင်ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
မြန်မာနိုင်ငံတွင် မတ်လ ဒုတိယပတ်အတွင်း တိုင်းနှင့်ပြည်နယ်အလိုက် မြို့ကြီးအများအပြားတွင် အပူချိန်မြင့်တက်ခဲ့ပြီး အပူချိန်ဆက်လက်မြင့်တက်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူ ဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်ထားသည်။
“ ရှေ့လျောက်ပိုပူမယ်လေ။ ဧပြီထဲရောက်ရင် ပျှမ်းမျှအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ထိလောက်မြင့်မယ် ထင်တယ်။ အယ်နီညိုကလည်းဝင်တော့ ပိုဆိုးမယ်။ ဒီနှစ်ရေခမ်းတာတွေမြန်လာလိမ့်မယ်” ဟု ရာသီဥတုဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြို့ကြီးများတွင်အပူချိန်မြင့်တက်ကာ အပူပိုင်းဒေသ ချောက်မြို့တွင် ၄၁ ဒီဂရီ စင်တီဂရိတ်၊ ရွှေဘို၊ မြင်းမူ၊ မြင်းခြံ၊ မကွေး၊ အောင်လံ၊ တောင်တွင်းကြီး၊ အမ်း၊ ပြည်၊ တောင်ငူ၊ ရွှေကျင်၊ သာယာဝတီ၊ ဖြူး၊ လေးထပ်ပြင် နှင့် မြဝတီမြို့တိုတွင် ၄၀ ဒီဂရီ စင်တီဂရိတ်ရှိကြောင်း မိုး/ဇလ က ထုတ်ပြန် သည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းနှင့်အနောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် မတ်လ ဒုတိယပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ထက် ၃ ဒီဂရီဖာရင်ဟိုက်မှ ၄ ဒီဂရီဖာရင်ဟိုက် ထိမြင့်တက်လာကြောင်း သိရသည်။
မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် မတ်လ ဒုတိယပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တိုင်း ရှိနေမည်ဖြစ်ပြီး ဧရာဝတီတိုင်းတွင်မူ ပျမ်းမျှ အမြင့်ဆုံးအပူချိန်ထက် ၁ ဒီဂရီဖာရင်ဟိုက် လျော့နည်းကြောင်းသိရသည်။
“ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူချက်ဖြစ်တဲ့ အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိ လျော့ချရမဲ့အကန့်အသတ်ကိုနီးလာနေပြီဖြစ်တယ် ” ဟု ကုလသမဂ္ဂရာသီဥတုအေဂျင်စီ အထွေထွေ အတွင်းရေးမှူး Celeste Saulo က အစီရင်ခံစာတွင်ပြောကြားသည်။
ကမ္ဘာ့ပျှမ်းမျှအပူချိန်မြင့်တက်မှုကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိလျော့ထားရန် ပါရီသဘော တူညီချက်အဖြစ် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများကတိကဝတ်ပြုထားသည်။
ယနေ့ မတ်လ ၂၃ ရက်နေ့သည် “ကမ္ဘာ့မိုးလေဝသနေ့” ဖြစ်ပြီး ယခုနှစ်၏ ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ “At the Frontline of Climate Action” ဖြစ်သည်။
အဆိုပါ ဆောင်ပုဒ်သည် ရာသီဥတုဘေးဒဏ် လျှော့ချရေး လုပ်ငန်းများတွင် မိုးလေဝသသမားများက ရှေ့ဆုံးမှဦးဆောင်ပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းထားခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက် ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#အပူချိန်မြင့်တက် #မြို့ကြီးများ #ကမ္ဘာ့အပူချိန်စံချိန်တင် #ရာသီဥတုပြောင်းလဲမှု #Ayeyarwaddy_Times