
ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ မတ် ၂၃ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ သမန်းကျင်းကျေးရွာအနီးတွင် ယမန်နေ့ မတ် ၂၂ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီကင်းပုန်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်သား နှစ်ဦး သေဆုံးကာ PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ကင်းလှည့်ကာ နယ်မြေရှင်းလင်းရေးလုပ်ရန်လာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီကင်းပုန်းတို့ မိနစ် ၃၀ ဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား နှစ် ဦးသေဆုံးကာ ရှစ် ဦးဒဏ်ရာရရှိခဲ့သည့်အနက် ငါး ဦးမှာ အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။
“ကင်းလှည့်နယ်မြေရှင်းလင်းရင်းနဲ့ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး တိုက်ပွဲဖြစ်တာ။ ဖြစ်တာက ကင်းလှည့်သွားရင်းနဲ့ စစ်ကောင်စီတပ်က ချောင်းပစ်တာခံရသလို ဖြစ်သွားတာ။ စစ်ကောင်စီတပ်ကင်းပုန်းနဲ့ ထိပ်တိုက်တွေ့ပြီး သူ့ပစ် ကိုယ်ပစ် ပစ်ပြီး ကျသွားတာ”ဟု ကျဆုံးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ပွဲတွင် ကျဆုံးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်မှာ ဧရာဝတီစစ်ကြောင်းမှ ရဲဘော် ဂျပန်ကြီး ဖြစ်ပြီး အခြား တော်လှန်ရေးတပ်ဖွဲ့ဝင် သုံး ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်တောင်းမြစ်ဝှမ်းဒေသရှိ မြို့နယ်များတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကျောက်ကြီး #သမန်းကျင်း #တိုက်ပွဲဖြစ်ပွား #PDFကျဆုံး #Ayeyarwaddy_Times