နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်

ရခိုင်ပြည်နယ်တွင် စစ်ရေးအရ ရှုံးနိမ့် အထိနာနေသည့် စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခ ဖြစ်ပွား စေနိုင်သော လုပ်ရပ်များအား မွတ်ဆလင်များကို ဖိအားပေး ပုံဖော် ဖန်တီး အသုံးချနေကြောင်း စောင့်ကြည့်လေ့လာသူများက ဝေဖန် သုံးသပ်လျှက်ရှိသည်။

စစ်ကောင်စီသည် မွတ်ဆလင်များကို အဓမ္မဖမ်းဆီးခေါ်ဆောင်၍ စစ်မှုထမ်းရန် တပ်သားသစ် စုဆောင်းခြင်း၊ တိုက်ပွဲများတွင် အသုံးချခြင်းတို့အပြင် ရက္ခိုင့်တပ်တော် (AA) အား ဆန့်ကျင် ဆန္ဒပြပွဲများကိုပါ လုပ်ဆောင်လာနေခြင်း ဖြစ်သည် ဟုလည်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

စစ်ရှုံးစစ်ကောင်စီသည် ယနေ့ မတ် ၂၃ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘုမေရွာနှင့် ဘာဆာရာရွာတို့မှ မွတ်ဆလင်များကို တစ်အိမ်တစ်ယောက် မထွက်မနေရ ဆန္ဒပြကြရန် ဖိအားပေး ခြိမ်းခြောက်ကာ နံနက် ၉ နာရီ မှ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အထိ AA အလိုမရှိကြောင်း ဆန္ဒပြရန်စေခိုင်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာချိန်၌ မရှုမလှ စစ်ရေးရှုံးနိမ့်လာသည့် အာဏာသိမ်း စစ်ကောင်စီက ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်များကို ပြီးခဲ့သည့် မတ် ၁၉ ရက်နေ့တွင် လည်း ကောင်း၊ စစ်တွေမြို့နယ် အောင်မင်္ဂလာ၊ ကသဲနှင့် သန်တော်လီ ရပ်ကွက်တို့မှ မွတ်ဆလင်များကို မတ် ၂၁ ရက်နေ့တွင် လည်းကောင်း ဖိအားပေး ခြိမ်းခြောက်၍ ဆန္ဒပြခိုင်းမှုများလုပ်ဆောင်နေသည် ကိုပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

စစ်ကောင်စီသည် စစ်ရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ရန် အတွက် ရခိုင်လူမျိုးနှင့် မွတ်ဆလင် (ရိုဟင်ဂျာ) များကို ရန်တိုက်ပေးသည့် အနေအထားရှိနေပြီး ရခိုင်ဒေသရှိ မွတ်ဆလင် (ရိုဟင်ဂျာ) လူငယ်များအား အဓမ္မဖမ်းဆီး ခေါ်ဆောင် ဖိအားပေး၍ စစ်သင်တန်းပေးကာ ရှေ့တန်းတွင် အသုံးချခြင်းများလည်း ရှိသည်။

ထိုလုပ်ရပ်တွင် အဆိုပါ လူငယ် ၁၀၀ ခန့် သေဆုံးသွားသည်ဟု သိရှိရကြောင်း ရိုဟင်ဂျာ လွတ် မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင် ကဆိုထားသည်။

“ရခိုင် အသိုင်းအဝိုင်းက နားလည်မှု လွဲလာအောင်၊ အဲဒီကနေ အကြမ်းဖက်မှုတွေ ဖြစ်လာမယ် ဆိုပြီးတော့ ဒီလို ရည်ရွယ်ချက်မျိုးနဲ့ လုပ်နေတာ တွေ့ရတယ်။ ဆိုတော့ ဒါတွေ အကုန်လုံးက စစ်ကောင်စီက စီစဉ်နေတာ။ သူတို့ ခွင့်ပြုချက် မပါဘဲနဲ့ ဘာမှ လုပ်လို့မရဘူး။ စစ်တပ်က တမင်သက်သက် လုပ်ခိုင်းပြီးတော့ ပြဿနာတစ်ခု တည်ပေး နေတာပဲ ဖြစ်တယ်” ဟု ဦးနေဆန်းလွင် က ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ထို့ပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၁၈ ရက်နေ့က မင်းပြားမြို့ရှိ သာဒေမွတ်ဆလင်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ မွတ်ဆလင်‌များနေထိုင်ရာ ကျေးရွာအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ ၂၃ဦး သေဆုံးပြီး ၃၃ဦး ဒဏ်ရာရရှိခဲ့‌သည်။

စစ်ကောင်စီက ထိုသို့လုပ်ဆောင်နေသော်လည်း ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန်နှင့် ဒေသခံများ၏ လူမှုစီးပွား ဘဝများ ပျက်စီး ဆုံးရှုံးစေရန် AA က ရည်ရွယ်၍ စစ်ရေး ပစ်မှတ် မဟုတ်သော ပြည်သူနေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက် များတွင် တိုက်ပွဲများ ဖော်ဆောင်နေသည်ဟု မတ် ၂၂ ရက်ထုတ် ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် စွပ်စွဲ ဖော်ပြထားသည်။

ထို့ပြင် သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများ အတွင်းသို့ Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း စသည်တို့ကို လုပ်ဆောင်နေသဖြင့် ထိုလုပ်ရပ်များ အပေါ် ဒေသခံပြည်သူများက လက်မခံဟု ဆိုကာ ကန့်ကွက်ရှုတ်ချ ဆန္ဒပြခြင်း ဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဦးနေဆန်းလွင်က“အဓိကက ဘာလဲဆိုတော့ ကျွန်တော်တို့က စစ်တပ်နဲ့ ပူးပေါင်းတာ မဟုတ်ဘူးဆိုတာကို သေသေချာချာ ရှင်းရှင်း လင်းလင်း သိဖို့လိုတယ်။ စစ်တပ်ကပဲ ကျွန်တော်တို့အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တာ ဖြစ်တယ်။ အခုထိ ကျူးလွန်နေဆဲ ဖြစ်တယ်။ ဆိုတော့ ဒီစစ်တပ်နဲ့ ပူးပေါင်းစရာ အကြောင်းအရင်း ဘာမှမရှိဘူး။ ကျွန်တော်တို့က နားလည်မှု လွဲမှာကိုပဲ စိုးရိမ်တာ”ဟု ပြောဆိုသည်။

အဆိုပါ ဆန္ဒပြပွဲများကို အတင်းအဓမ္မ ခြိမ်းခြောက်စေခိုင်းသူမှာ စစ်ကောင်စီ၏ ဘူးသီးတောင်မြို့ အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း ဖြစ်ကာ မောင်တောခရိုင်နေ မွတ်ဆလင် များကိုလည်း အတင်းအကျပ် အစည်းအဝေးခေါ်ယူ၍ တပ်ထဲ ဝင်ခိုင်းခဲ့ကြောင်းလည်း ဒေသတွင်း သတင်းများအရ သိရှိရသည်။

စစ်ကောင်စီ၏ ထိုလုပ်ရပ်မျိုးသည် ရခိုင်တစ်မျိုးသားလုံးကို ထိခိုက်စေသကဲ့သို့ နိုင်ငံရေးအရ အသုံးချခြင်းဖြစ်ကာ စစ်ကောင်စီတပ်များ အဆုတ်တွင် ရခိုင်နှင့် မွတ်ဆလင်ကြား ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ကြောင်း ရခိုင်ဝါရင့် နိုင်ငံရေး သမား ဦးဖေသန်းကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အရင်တုန်းကလည်း အင်္ဂလိပ်အဆုတ်မှာ ဂျပန်တွေကို ကာကွယ်ဖို့၊ မွတ်ဆလင် တွေကို လက်နက် တပ်ဆင် ပေးခဲ့တဲ့ အတွက် ၁၉၄၂-၄၃ ခုနှစ်မှာ ဘူးသီးတောင်၊ မောင်တောဘက်မှာ လူမျိုးတုန်း အသတ်အဖြတ် ခံရတာတွေ ရှိတယ်။ သုံးသောင်း လောက် သေတယ်လို့ ကျွန်တော်တို့ သိရတယ်။ အဲဒါမျိုး ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒါကို ရခိုင် တစ်မျိုးသားလုံးက စိုးရိမ်တယ်” ဟု ဦးဖေသန်းက ဆိုသည်။

ထိုကဲ့သို့ မွတ်ဆလင်များ ဆန္ဒပြမှုနှင့် ပတ်သက်၍ AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခ ကလည်း ၎င်းတို့ အနေဖြင့် သေသေချာချာ စောင့်ကြည့်နေပြီး လိုအပ်သင့်လျော်သလို တုံ့ပြန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း RFA သတင်းဌာနကို ဖြေကြားထားသည်။

အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်မှုနှင့်အတူ အထိနာ၍ စစ်ရှုံးနေသည့် စစ်ကောင်စီက ၎င်းတို့၏ နိုင်ငံရေး ထွက်ပေါက်ရရေး အတွက် ရခိုင်နှင့် မွတ်ဆလင်ကို လူမျိုးရေး ပဋိပက္ခ ဖန်တီး အသုံးချနေသကဲ့သို့ ဗမာနှင့် ရခိုင် ကိုလည်း မှိုင်းတိုက်၊ ဝါဒဖြန့်၍ ပဋိပက္ခဖြစ်စေရန် လုပ်ဆောင်နေကြောင်း မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများက ထောက်ပြ ဝေဖန်ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းကလည်း ရန်ကုန် နှင့် မန္တလေး မြို့ကြီးများတွင် ပြည်သူပိုင်နေရာများ၌ “ပြည်သူများ အနေနှင့် ရခိုင် စားသောက်ဆိုင်နှင့် အရောင်း ဆိုင်များကို သွားရောက် ဝယ်ယူအားပေးခြင်း မပြုဖို့ သတိပေး တားမြစ် လိုက်သည်” ဆိုသော ရခိုင် မုန်းတီးရေး လှုံ့ဆော်စာများ ကပ်၍ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားနိုင်သည့် ဖန်တီးမှုများလည်း ပြုလုပ်ခဲ့သေးသည်။

AA ကို အငြိုးအတေးဖြင့် ရခိုင်တစ်မျိုးသားလုံး ပဋိပက္ခထဲ ပါဝင်လာအောင်၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်လာအောင် စစ်ကောင်စီက မီးလောင်ရာ လေပင့်လုပ်နေသော်လည်း ၎င်းတို့ လိုချင်သော နိုင်ငံရေး ထွက်ပေါက်ကို ရလိမ့်မည် မဟုတ်ဘဲ သမိုင်းတွင် အမည်းစက်အဖြစ်သာ မှတ်တမ်းတင် ခံရနိုင်ဖွယ်ရှိကြောင်း ရခိုင် ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ဆိုသည်။

ရခိုင်စစ်ရေး အခြေအနေကို စောင့်ကြည့်သူလည်းဖြစ်၊ စစ်ကောင်စီ အသိအမှတ်ပြု ရခိုင့်ဦးဆောင် ပါတီ ဥက္ကဋ္ဌ လည်း ဖြစ်သည့် ဒေါက်တာ အေးမောင်ကမူ ရခိုင်ဒေသ မတည်ငြိမ်သည့် ကာလမျိုးတွင် မျိုးစုံ ဝေဖန်ကြမှာ ဖြစ်ကြောင်း ဧရာဝတီ တိုင်းမ်ကို ပြောသည်။

“အဲဒါကတော့ မတူတဲ့ ဘာသာတစ်ခုက ဆန္ဒပြ၊ ဒါမျိုးလုပ်ရင် တစ်မျိုးရေးမှာပေါ့။ မဟုတ်ဘူးလား။ ဒါကတော့ ရေးနေကြ၊ ပြောနေကြပါပဲ။ အကြောင်းအရင်းကတော့ ကာယကံရှင်တွေကို ခင်ဗျားတို့မေးမှ။ မဟုတ်ရင် အခြား မီဒီယာ တစ်ခုက မေးမှပေါ့။ အဲဒီလိုမေးလို့ ဖြေရင်တောင်မှ သူတို့ကို အမှန်ပြောတာ မဟုတ်ဘူး၊ ပြောခိုင်းလို့ ပြောတာ ဆိုတာ ဖြစ်မှာပေါ့။ အခုလို ရခိုင်ဒေသ မတည်ငြိမ်တဲ့ ကာလမျိုးမှာ မျိုးစုံဝေဖန်ကြမှာပေါ့”ဟု ဒေါက်တာ အေးမောင်က ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ ဖြစ်ပွားခဲ့သည့် ရခိုင်တိုက်ပွဲများ အတွင်း AA က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်ကို သိမ်းပိုက် ထိန်းချုပ်ထားပြီး လက်ရှိတွင် ဘူးသီးတောင်နှင့် မောင်တောမြို့များကို ထိုးစစ်ဆင် တိုက်ခိုက်နေကာ စစ်တွေ၊ ကျောက်ဖြူ၊ အမ်းမြို့ တို့ကိုလည်း စစ်ရေး အနေအထားအရ ဝိုင်းရံပိတ်ဆို့ထားကြောင်း စစ်ရေး သတင်းများတွင် ရေးသား ဖော်ပြထားကြသည်။

စစ်ခေါင်းဆောင်များသည် ယခင် ကာလများကလည်း အကျပ်အတည်း တွေ့ကြုံလျှင် လူမျိုးရေး၊ ဘာသာရေး အသုံးချ၍ လူ့အဖွဲ့အစည်း အတွင်း ရှုပ်ထွေးအောင် လုပ်ဆောင်လေ့ ရှိသည့် သာဓကများစွာ ရှိခဲ့သည်။

စစ်မှုမထမ်းမနေရ ဥပဒေကို အသုံးချ၍လည်း ရခိုင်ဒေသရှိ ဘင်္ဂါလီ (မွတ်ဆလင်) များကို စစ်တပ်ထဲ အဓမ္မဆွဲသွင်း၍ ရှေ့တန်းပို့ကာ လူသားဒိုင်းသဖွယ် အသုံးချသည့် အတွက် ဘင်္ဂါလီ (မွတ်ဆလင်) ရုပ်အလောင်းများ အမြောက်အမြား တွေ့ရကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အဲ့ဒီတော့ ရခိုင်ပြည်နယ်မှာ ထိန်းမနိုင်သိမ်းမရ အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ရေးအခြေအနေ အကျပ်အတည်း အောက်မှာ ရခိုင်နဲ့ ဘင်္ဂါလီ (မွတ်ဆလင်) တွေကို ရန်တိုက်ပေးတဲ့ အလုပ်ကို နည်းမျိုးစုံနဲ့ လုပ်တယ်။ တစ်ဖက်မှာ ဘင်္ဂါလီ (မွတ်ဆလင်) တွေကို နှိပ်ကွပ်ထားတယ်၊ လူ့အခွင့်အရေးတွေ ရုပ်သိမ်းထားတယ်။ အလွန် ယုတ်မာ ပက်စက်တဲ့ နည်းလမ်းတွေနဲ့ ရခိုင်လူ့အဖွဲ့အစည်းအတွင်းမှာ ရှုပ်ထွေးမှု၊ မတည် ငြိမ်မှုတွေ ဖြစ်အောင် ဖန်းတီး နေတယ်လို့ပဲ ကျွန်တော်ကတော့ သဘော ပေါက်ပါတယ်”ဟု ဦးသန်းစိုးနိုင်က သုံးသပ် ပြောဆိုသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA) သည် ချင်းပြည်နယ်၌ ပလက်ဝ၊ ဆမီး မြို့ နှစ် မြို့နှင့် ရခိုင်ပြည်နယ်တွင် ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ နှင့် ယခု ရသေ့တောင်အပါအဝင် ၈ မြို့ သိမ်းယူထားသည်။

ထို့ကြောင့် ရက္ခိုင့်တပ်တော် (AA) သည် စုစုပေါင်း မြို့ ၁၀ မြို့အထိ တိုက်ခိုက်သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကျန်ရှိနေသည့် မြို့များအားလုံး ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်လျှက်ရှိသည်။

#စစ်ကောင်စီ #ရခိုင်ဒေသမွတ်ဆလင်များ #လူမျိုးရေးပဋိပက္ခ #ထောင်ခြောက်ဆင် #သတင်းဆောင်းပါး #Ayeyarwaddy_Times