
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်
အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ် ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) သည် အဆိုပါအဖွဲ့များ အဆင်ပြေပြေ သွားနိုင်သော စုဖွဲ့မှုမျိုးဖြစ်ပြီး အဓိက ကျောရိုးသုံးခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း 7 EAO Alliance ၏ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်ထံက သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် အဆိုပါ အပစ်ရပ် ခုနစ်ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် မတ် ၁၇ ရက်မှ ၁၈ ရက်အထိ ၂ ရက်တာ ကျင်းပခဲ့ပြီးနောက် မဟာမိတ်အဖွဲ့ (7 EAO Alliance) အား ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ အရင်က PPST စုဖွဲ့မှုပေါ့။ PPST စုဖွဲ့မှုကျတော့ သိတဲ့အတိုင်းပဲ ဆယ်ဖွဲ့ကနေ ခုနစ်ဖွဲ့ ၊ ခုနစ်ဖွဲ့ကနေ ငါးဖွဲ့ စသဖြင့်ပေါ့လေ။ နောက်နိုင်ငံရေး အခင်းအကျင်းကလည်း ပုံမှန်အခြေအနေ မဟုတ်ဘဲ အပြောင်းအလဲ ရှိနေတဲ့အချိန်မှာ၊ PPST စုဖွဲ့မှုကလည်း မစုံမလင်တွေ ဖြစ်နေတဲ့ကာလမှာ ခုနစ်ဖွဲ့စလုံးအတွက် အဆင်ပြေပြေနဲ့သွားနိုင်တဲ့ စုဖွဲ့မှုမျိုးပေါ့။ 7 EAO Alliance စုဖွဲ့လိုက်တာပဲ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအစည်းအဝေးတွင် လက်ရှိနိုင်ငံရေး အခြေအနေများအား သုံးသပ်ခြင်း၊ ပြင်ဆင်ရေး အလုပ်အဖွဲ့မှ တင်သွင်းသော နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်များနှင့် 7 NCA-S EAO ပြန်လည်ဖွဲ့စည်းမှုဆိုင်ရာ ဖွဲ့စည်းပုံ စည်းမျဉ်းတို့ကိုလည်း ဆွေးနွေးခဲ့ပြီး 7 EAO Alliance ကို ဖွဲ့စည်း၍ နိုင်ငံရေး သဘောထားများ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
“အဓိကကတော့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာဖို့၊ နောက်တစ်ချက်က သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့၊ ပြည်သူလူထု အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ကိစ္စရပ်တွေကိုလဲ ကြိုးပမ်းမယ်ဆိုတဲ့ ကျောရိုးသုံးခုပေါ်မှာ အရင်အတိုင်း ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။
၎င်းတို့၏ အန္တိမရည်မှန်းချက်သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်သွားရန်ဖြစ်ပြီး မျှော်မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှတဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် 7 EAO Alliance သည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ရလဒ်များ ဖော်ထုတ်နိုင်ရန်၊ သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိမှုကို သိရှိစေခြင်း၊ အဓိပ္ပါယ်ပြည့်ဝ၍ နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရန် သက်ဆိုင်သူများအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းတို့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါနှစ်ရက်တာ အစည်းအဝေးတွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်းပြောရာ၌ အပစ်ရပ် ခုနစ်ဖွဲ့၏ ထိန်းချုပ်နယ်မြေများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ် စတင်အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒီအချိန်မှာကလည်း အခြေအနေအရပ်ရပ်က ဆုတ်ယုတ်ယိုယွင်းနေတဲ့ အချိန်ကာလတစ်ခု အောက်မှာကတော့ EOAs အနေနဲ့ကလည်း မိမိတို့နဲ့ ဆက်စပ်နေတဲ့ ထိန်းချုပ်နယ်မြေမှာရှိတဲ့ ပြည်သူလူထုရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေပေါ့။ အဲဒီဟာတွေကို ကျွန်တော်တို့အနေနဲ့ အရင်ကထက်ပိုပြီးတော့ တိုးမြှင့်ဆောင်ရွက်ဖို့ ထည့်သွင်းပြောသွားတယ်လို့ ကျွန်တော်အနေနဲ့ အဲဒီလိုပဲ နားလည်မှုရှိပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
လက်ရှိတွင် အပစ်ရပ် ခုနစ်ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးသို့ စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ တက်ရောက်ပါဝင်မှုနှင့် ပတ်သက်၍ PNLO ခေါင်းဆောင်ပိုင်းအကြား သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း သိရသည်။
ယင်းအပြင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ကလည်း ထိုအစည်းအဝေးသို့ တက်ရောက်ပါဝင်ခဲ့သော ကျာဆော်လမွန်နှင့် အပေါင်းအပါများသည် LDU က မဟုတ်ကြောင်းနှင့် ၎င်းအား ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်တွင် LDU ဗဟိုကော်မတီအဖွဲ့မှ လုပ်ငန်းတာဝန်နှင့် ရာထူးများအား ရပ်စဲခဲ့ပြီးဖြစ်ကြောင်း မတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုနောက်ပိုင်း LDU ၏ အမည်နာမအား အသုံးမပြုရန် အကြိမ်ကြိမ်သတိပေး ပြောဆိုခဲ့သော်လည်း ယနေ့ချိန်ထိ LDU အမည်နာမအား အလွှဲသုံးစားပြုပြီး စစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ NCA-S EAO အစည်းအဝေးသို့ တက်ရောက်နေခြင်းအပေါ် LDU နှင့်အတူ မျိုးချစ်စိတ်ရှိသူ လားဟူခေါင်းဆောင်များ၊ လားဟူပြည်သူလူထုများမှ ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။
ဓာတ်ပုံ-NCA-S EAO
#7EAOAlliance #အပစ်ရပ်၇ဖွဲ့ #အဆင်ပြေပြေသွားနိုင် #အဓိကကျောရိုး၃ခု #ဖွဲ့စည်း #Ayeyarwaddy_Times