
ဧရာဝတီတိုင်းမ်
မတ် ၂၂ရက်
ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများ တစ်စထက်တစ်စ ပြင်းထန်လာသောကြောင့် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အဝင်အထွက်ကို ကုန်းကြောင်း၊ ရေကြောင်းတို့မှ ပိတ်ဆို့ထားသည့်အပြင် လေကြောင်း လိုင်းကိုပါ ကန့်သတ်ခဲ့သည်။
ထိုသို့ ကုန်းကြောင်း၊ ရေကြောင်းတို့ကို ပိတ်ဆို့တားမြစ်လိုက်ပြီး လေကြောင်း လမ်းကိုလည်း ကန့်သတ်လိုက်သည့်အတွက် ဒေသခံပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု ဒဏ်ကို ခံနေရကြောင်း သိရသည်။
ကုန်စည်စီးဆင်းသည့် အဓိက လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ ဖြတ်တောက် ထားသည့်အတွက် ဒေသခံများမှာ အခြေခံစားသောက်ကုန်များကို ဈေးကြီးပေး၍ ဝယ်ယူနေရပြီး ရန်ကုန် ဈေးနှုန်းနှင့် သုံးဆခန့်ကွာကြောင်း သိရသည်။
“လေကြောင်းကနေပို့တဲ့ ကုန်တွေကို ဈေးကြီးပေးဝယ်နေရတယ် ဘာလေးဝယ်ဝယ် ရန်ကုန်ဈေးနှုန်းနဲ့ သုံးဆလောက်ကွာတယ်။ အရင်ကဆို သားငါးဈေးအခုလောက် မတက်ဘူး။ အခုငါးဖမ်းလှေတွေပါဖမ်းခွင့်ပိတ်လိုက်တော့ သားငါးဈေးလည်း လိုက်မမှီ အောင်တက်တယ်။စားသောက်ကုန်တွေက ရန်ကုန်ကနေ ကုန်သင်္ဘောနဲ့ ဝင်တာတော့ ရှိတယ်။ အဲဒါလည်း စစ်ကောင်စီကထိန်းချုပ်ထားတော့ ပစ္စည်းက အမြဲပြတ်လပ် နေတယ်” ဟု စစ်တွေဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အခြေခံစားသောက်ကုန်များအပြင် စက်သုံးဆီဈေးများလည်း ရခိုင်ပြည်နယ်အတွင်း၌ပင် နေရာဒေသအလိုက်ဈေးနှုန်းကွဲပြားလျှက်ရှိပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဆန်စပါး စိုက်ပျိုးမှုရှိသော်လည်း ယခင် ဧရာဝတီတိုင်းမှ ဝင်ရောက်သည့်ဆန်များလည်း ဝင်ရောက်မှုမရှိတော့ကြောင်း သိရသည်။
“ဆန်ကအရင်က ရန်ကုန်ကလည်းဝင်တယ်။ ငသိုင်းချောင်း အသုတ်ကနေလည်း ဝင်တယ် အခုတော့ သွင်းတာမရှိတော့ဘူး။ ဒေသထွက်ဆန်စားလို့ရပေမယ့် မှောင်ခို တင်သွင်းတာတွေကို ဈေးကြီးပေးစားနေရတယ်။ စက်သုံးဆီက တစ်လီတာ တစ်သောင်း။ အဲဒါဈေးကျတာ။ အရင်က နှစ်သောင်းပေးရတယ်။ စစ်ရေးအခြေအနေက သံတွဲဘက်မရောက်သေးလို့နေမယ်။ အခြားစားသောက်ကုန်တွေကတော့ ဝယ်လို့ရနေ သေးတယ်” ဟု သံတွဲဒေသခံတစ်ဦးကဆိုသည်။
စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အခြားပြည်နယ်နှင့်တိုင်းများ ဆက်သွယ်ထားသည့် လမ်းကြောင်းများကိုဖြတ်တောက်ထားသည့်အပြင် ပြည်နယ်တွင်း ချိတ်ဆက်ထားသည့် လမ်းများနှင့် တံတားများကိုလည်း ချိုးချ ဖျက်စီးမှုများပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ရက်နေ့ကစ၍ ရခိုင်မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ မြို့နယ်အချို့တို့တွင် အင်တာနက်နှင့်ဖုန်းလိုင်းများကို ဖြတ်တောက်ပစ်ခဲ့သည်။
“ဝိုင်ဖိုင်လိုင်းတွေသုံးမရတော့ဘူး။ ဖုန်းလိုင်းလည်း ရချင်တဲ့နေ့မှရတယ်။ ဖြတ်ထားတာများတယ်။ ကုန်စည်က လုံးဝပြတ်တောက်တာမဟုတ်ဘဲ ဝယ်လိုအားနဲ့ ရောင်းကုန်မမျှတော့တာ။ လမ်းကြောင်း တွေအကုန်ပိတ်ထားတော့ မှောင်ခို ဝယ်စားနေရတယ်။ အခုလမ်းတွေပါဖျက်ပစ်လိုက်ပြီး ဗုံးတွေနေ့တိုင်းလို လာကြဲနေတယ်။ မြို့ကလူတွေလည်း စိတ်နဲ့လူမကပ်ကြတော့ဘူး။ အကုန်ကြောက် နေကြတယ်” ဟု တောင်ကုတ်ဒေသခံ တစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် စစ်ရှောင်ပြည်သူ ၃သိန်းကျော်ရှိလာပြီး စားနပ်ရိက္ခာပြတ်လပ်မှုကို ဆိုးဝါးစွာ ခံနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHAက ထုတ်ပြန်သည်။
ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁သောင်းကျော်မှာလည်း ထမင်းမစားရသည့်နေ့များပင်ရှိလာသည်အထိ စားနပ်ရိက္ခာဆိုးဝါးစွာ ပြတ်လပ်မှုနှင့် ကြုံနေရကြောင်း သိရသည်။
စစ်ကောင်စီက စားနပ်ရိက္ခာအဝင်အထွက်လမ်းကြောင်းများအပြင် ရခိုင်ပြည်သူများ ဒေသသို့ပြန်လာသည်ကိုပင် ပိတ်ပင်တားမြစ်လိုက်ပြီး ရခိုင်ပြည်နယ်သို့ ပြန်လာသည့် ပြည်သူများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်နေ့နှင့် ၁၉ရက်နေ့တို့တွင် ကျောက်ဖြူလေဆိပ်နှင့် စစ်တွေလေဆိပ်တို့တွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထို့အပြင် ၁၁/မှတ်ပုံတင်ကိုင်ဆောင်ထားသည့် သူများကို ခရီးသွားခွင့် ပိတ်ပင်ကြောင်း ခရီးသွားအေဂျင်စီများထံ စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကအကြောင်း ကြားစာပို့ခဲ့ကြောင်း သိရသည်။
ပုံစာ- ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ရခိုင်ဒေသခံများ
#ရခိုင်ပြည်နယ် #စစ်ကောင်စီ #ကုန်းကြောင်း #ရေကြောင်း #လေကြောင်း #ပိတ်ဆို့တားမြစ် #စားနပ်ရိက္ခါ #အခက်အခဲ #Ayeyarwaddy_Times