
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၂၂ရက်
ကရင်ပြည်နယ်၊ ကျိုတ်ဒုံမြို့၊ ပိုင်ခလန်ကျေးရွာရှိ စစ်ကောင်စီ၏ မယ်သရောထစခန်း၊ ရေတံ လျှောက် စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိုသို့ တိုက်ခိုက် ရာတွင် Cloud Wings ဒရုန်းတပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
Cloud Wings ဒရုန်းတပ်ဖွဲ့သည် စစ်ကောင်စီ၏ မယ်သရောထစခန်း နှင့် ရေတံလျှောက်စခန်းတို့ကို မတ် ၁၅ ရက်နေ့ကတည်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်ဖွဲ့များသည် မတ် ၁၈ ရက် နှင့် ၁၉ ရက်တို့တွင် အနီးကပ်ဝင်ရောက်တိုက်၍ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း Cloud Wings တပ်ဖွဲ့ထံက သိရသည်။
“စစ်ကောင်စီတပ် စခန်းနှစ်ခုလုံးကို အနီးကပ် ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ ကျွန်တော်တို့ Cloud Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းအသုံးပြုပြီး ၈၁-မမ ၆၀-မမ ဗုံးသီးတွေနဲ့ အဆက်မပြတ် ဗုံးကြဲပေးခဲ့တယ်။ မတ် ၁၈ ရက် နဲ့ ၁၉ ရက်နေ့တွေမှာတော့ မယ်သရောထစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။ မတ် ၂၁ ရက်နေ့မှာတော့ ရေတံလျှောက်စခန်းကို KNLA ၊ PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက အပြီးပြတ် သိမ်းပိုက်နိုင်ခဲ့တယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ကိုငြိမ်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိပြီးရေတံလျှောက် တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသည် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မယ်သရောထစခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်း ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ထံက သိရသည်။
ထိုင်းနိုင်ငံဘက် အခြမ်းသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ၄၈ ဦးကို ယမန်နေ့ မတ် ၂၁ ရက်နေ့တွင် မြဝတီဘက်အခြမ်းသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ထိုင်းသတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်ကောင်စီတပ်စခန်းသိမ်စဥ်က ရရှိခဲ့သည့်လက်နက်များ
#ကရင်ပြည်နယ် #စစ်ကောင်စီတပ်စခန်းသိမ်း #မယ်သရောထစခန်း #ရေတံလျှောက်စခန်း #တိုက်ပွဲများတွင် #CloudWingsဒရုန်းတပ်ဖွဲ့ #ပါဝင်တိုက်ခိုက် #Ayeyarwaddy_Times