
ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်
စစ်ကောင်စီက ဈေးနှုန်းထိန်းချုပ်ထားသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် တရိပ်ရိပ်မြင့်လာနေပြီး စက်သုံးဆီတစ်လီတာလျှင် ကျပ် ၃၀၀၀ (သုံးထောင်) နီးပါး အထိရောက်ရှိလာကာ စက်သုံးဆီရှားပါးမှုကို ထပ်မံကြုံတွေ့နေရကြောင်း သိရသည်။
ရန်ကုန်မြို့ တွင် ယနေ့ မတ်လ ၂၂ ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂,၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ၂,၉၀၀ ကျပ်၊ ပရီမံယံဒီဇယ် ၂,၄၈၀ ကျပ်၊ ဒီဇယ် ၂,၄၃၅ ကျပ်ဖြစ်ကာ ယင်းဈေးနှုန်းအတိုင်းလာမည့် တနင်္လာနေ့အထိ ဈေးကွက် ဖွင့်သွားမည် ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက တိုင်းနှင့် ပြည်နယ်ရှိ မြို့ကြီးများအတွက်စက်သုံးဆီ ရည်ညွှန်းလက်လီ ဈေးနှုန်း နေ့စဉ်ထုတ်ပေးရာတွင် ယနေ့ မတ်လ ၂၂ ရက်နေ့တွင် အမြင့်ဈေးဖြင့် ဈေးပိတ်ခဲ့ခြင်းဖြစ်သည်။
“ဆီတွေတန်းစီနေရပြီ။ အရင်ရက်တွေကတည်းကလတန်းစီးရတာနည်းနည်းရှိတယ်။ မနေ့ကဆိုးတယ်။ အခုတော့ပိုဆိုးတယ်” ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရန်ကုန်မြို့တော်တွင် စက်သုံးဆီတန်းစီဝယ်ယူနေသဖြင့် နယ်မြို့များတွင်စက်သုံးဆီ ဈေးကြီးသည့်အပြင် ဝယ်ယူရာတွင်ခက်ခဲမှု၊ ဆီရှားပါးမှုပိုများနိုင်ပြီး ဧရာဝတီတိုင်း အတွင်းရှိ အချို့ဆီဆိုင်များတွင် ပရီမီယံဒီဇယ်နှင့် ဒီဇယ် ( PD /HSD ) ကို ကဏ္ဍအလိုက် Own PO စက်သုံးဆီခွဲတမ်း (Purchase Order-PO) ဖြင့် ရောင်းချပေးကြောင်း သိရသည်။
အဆိုပါကဏ္ဍများတွင် စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ၊ ရေလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ပုဂ္ဂလိဂ ဆေးရုံ၊ ဆေးခန်းများ၊ shopping center များ၊ ပုဂ္ဂလိဂလယ်ယာစိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ အပါအဝင် ပုဂ္ဂလိဂ၏ စစ်ကောင်စီတင်ဒါများကို ရောင်းချပေးကြောင်း ကြေညာထားသည်။
စစ်ကောင်စီသည် ပြည်ပသွင်းကုန်များထဲမှ စက်သုံးဆီတင်သွင်းမှုကို ဦးစားပေး သတ်မှတ်ထားပြီးနောက် AD ဘဏ်များမှ စက်သုံးဝယ်ယူရေးအတွက် အမေရိကန် ဒေါ်လာငွေရောင်းချပေးရာတွင် ဒီဇယ်ဆီတင်သွင်းသူများကို ဦးစားပေးပြီး ၉၂ နှင့် ၉၅ သွင်းသူများကို ဒုတိယဦးစားပေးအဖြစ်သတ်မှတ်၍ ရောင်းပေးကြောင်း ကုန်သည်များ ထံက သိရသည်။
ပြင်ပနိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၆၇၀ ကျပ်ရှိပြီး ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၄၂ သိန်းပတ်ဝန်းကျင်တွင်ရှိကြောင်းစုံစမ်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#စစ်ကောင်စီထိန်းချုပ် #ပြည်တွင်းစက်သုံးဆီဈေး #ဆက်လက်မြင့်တက် #တစ်လီတာ၃၀၀၀ကျပ် #Ayeyarwaddy_Times