ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

ကိုရီးယားနိုင်ငံတွင်အလုပ်လုပ်နိုင်ရန်အတွက် ကိုရီးယားဘာသာစကား အရည်အချင်း စစ်ဆေးခြင်း ( EPS- TOPIK ) စာမေးပွဲဖြေဆိုသူများပြားကာ စာမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းရာတွင်တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ (၄၃) ရပ်ကွက်၊ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီရုံး၊ ပင်လုံခန်းမတွင် စာမေးပွဲမှတ်ပုံတင်ကြေး အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာ ( သို့မဟုတ်) ညီမျှသည့် မြန်မာကျပ်ငွေပေး ဆောင်ရခြင်းဖြစ်သည်။

အဆိုပါစာမေးပွဲမှတ်ပုံတင်ကြေးကို မတ် ၁၉ မှ မေ ၄ ရက်နေ့အထိ လုပ်ငန်း နယ်ပယ်အလိုက် Payment နံပါတ်သတ်မှတ်ချက်အတိုင်းပေးသွင်းရခြင်းဖြစ်ပြီး စာရင်းနံပါတ်ရှိလူဦး‌ရေ ၇၄၉၂၂ ကျော်ရှိကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA – EPS) ထံက သိရသည်။

“ဝန်ဆောင်မှုလုပ်ငန်းအတွက် မိန်းကလေးတွေက အရင်စာမေးပွဲကြေးပေးရတယ်။ ကျောင်းရှေ့မှာ မိန်းကလေးတွေ အများကြီးပဲတန်းစီနေတာပဲ။ တနေကုန် စောင့်နေ ရတယ်။ ထီးလေးတွေဆောင်းပြီးတော့။ တချို့ဆို မနက်အစောကြီးကတည်းက ရောက်နေ တယ် လို့သိရတယ်” ဟု မြောက်ဒဂုံတွင်နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

ကိုရီးယားနိုင်ငံမှ ဝန်ဆောင်မှုလုပ်ငန်းများအတွက်လုပ်သားခေါ်ယူမှုတွင် အမျိုးသမီးများ ပါဝင်လာသဖြင့် အမျိုးသမီး စာမေးပွဲဖြေဆိုမည့်သူများပြားကြောင်း ကိုရီးယားဘာသာ စကားသင်တန်းကျောင်းထံက စုံစမ်းသိရသည်။

“ဒီနှစ်အမျိုးသမီးတွေစခေါ်တော့ ကျောင်းမှာစာသင်နေတဲ့ဆရာမတွေလည်း ဝင် လျှောက်ကြတယ်။ ဆရာမတွေဆိုတော့ ကိုရီးယားစာကရပြီးသားလေ။ skill test အတွက်စာလေ့လာလိုက်ရုံပဲ။ ဒီမှာအလုပ်လုပ်လည်း လစာနည်းတော့ ဆရာမတွေလည်း ကိုရီးယားထွက်ဖို့ပြင်နေပြီ” ဟု ကိုရီးယားစာလေ့လာနေသူတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း နှင့် ဝန်ဆောင်မှုလုပ်ငန်းတို့အတွက် လုပ်သားများခေါ်ယူနေပြီး ကိုရီးယားဘာသာစကားနှင့် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skill test) ဖြေဆိုရခြင်းဖြစ်သည်။

ထို့ပြင်လုပ်ငန်းအမျိုးအစားအလိုက် အောင်မြင်မှုဦးရေ ( ခန့်မှန်း) ရာတွင် လူဦးရေ ၃၃၀၆ ဦးသာရှိကြောင်း ယင်းအေဂျင်စီထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ – ကိုရီးယားဘာသာစကားဖြေဆိုမည့်သူတစ်ဦး ရိုက်ကူးထားခြင်းဖြစ်ပါသည်

#TOPIK #ဖြေဆိုသူများပြား #ကိုရီးယားနိုင်ငံ #အလုပ်အကိုင်အခွင့်အလမ်း #Ayeyarwaddy_Times