
ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ မတ် ၂၃ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ ဆေးရုံတစ်ခုကို စစ်ကောင်စီက ယနေ့ မတ် ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီတွင် လေးကြိမ်၊ ညနေ ၃ နာရီဝန်းကျင်တွင် နှစ်ကြိမ် စုစုပေါင်း ခြောက်ကြိမ် လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လအိကျေးရွာရှိ ဆေးရုံဟောင်းကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဆေးရုံအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ရပြီး ဆေးရုံတွင် ကူညီပေးမှုများလုပ်ကိုင်နေသည့် အမျိုးသား နှစ် ဦး သေဆုံးခဲ့ပြီး သုံး ဦးဒဏ်ရာရရှိသည့်အနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
“ဆေးရုံက ပစ္စည်းတွေကတော့ ဒီနေ့မနက်ထဲက ရွှေ့ပြောင်းလိုက်ပြီဖြစ်ပါတယ်။ ကူညီပေးတာတွေလုပ်ဆောင်နေတဲ့ လူငယ်တစ်ဦးရယ် လူကြီးပိုင်းတစ်ဦးရယ် သေဆုံးခဲ့တယ်၊ လအိဘက်ကို ညနေပိုင်းမှာ ဗုံးထပ်လာကြဲတယ်လို့ကြားရတယ်။ ဆေးရုံလား၊ ဘယ်နေရာကိုလဲတော့မသိဘူး။ လအိဘက်ကို ထပ်ပြီးဗုံးလာကြဲတာတော့ သေချာပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖယ်ခုံမြို့နယ်နှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း အဆိုပါနေရာ များမှာ လအိကျေးရွာနှင့် မိုင် ၃၀ ဝန်းကျင်ကွာဝေးသည့်နေရာများဖြစ်ကာ လအိ ကျေးရွာနှင့် ဆေးရုံတွင် စစ်ဘေးရှောင်များသာနေထိုင်ကြောင်းလည်း သိရသည်။
ထို့ပြင် ညနေပိုင်းတွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုမှာလည်း လအိကျေးရွာရှိ စစ်ရှောင်စခန်းငယ်တစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ညနေပိုင်းမှာက ဝက်ပဲသေတယ် လူထိခိုက်တာမရှိဘူး။ မနက်ပိုင်းလာကြဲတာက တစ်ကြိမ်ထဲမှာ လေးလုံးကြဲတယ်။ အခုညနေပိုင်းလာကြဲတာက နှစ်လုံး လာကြဲတယ်” ဟု လအိကျေးရွာရှိ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဒီးမော့ဆိုမြို့နယ်ရှိ စာသင်ကျောင်းတစိခုကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စာသင်ကြားနေသည့် ကလေးငယ် လေး ဦးသေဆုံးခဲ့ရသည်။
စစ်ကောင်စီ၏ အာဏာသိမ်းပြီးကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ နှစ်ကုန်အထိ သုံး နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သား အရေအတွက်မှာ ၉၃၆ ဦးအထိရှိခဲ့ပြီး ပျက်စီခဲ့ရသည့် ဆေးရုံပေါင်း ၂၈ ခု အထိရှိပြီဖြစ်ကြောင်း ဉာဏ်လင်းသစ်သုတေသန အဖွဲ့အစည်း ၏ အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – လေကြောင်းတိုက်ခိုက်ခံရသည့်ဆေးရုံ
#ဖယ်ခုံ #လအိကျေးရွာ #ဆေးရုံ #လေကြောင်းတိုက်ခိုက်ခံရ #စစ်ကောင်စီ #Ayeyarwaddy_Times