အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းမုန်တိုင်း တိုက်ခိုက်မှုကြောင့်အဆောက်အဦးများအပါဝင် လူနေအိမ် နှစ်ရာနီးပါး ပျက်စီးသွားကြောင့် ဒေသခံများထံက သိရှိရသည်။

မင်းတပ်မြို့နယ်တွင် ယမန်နေ့ မတ်လ ၂၁ ရက်နေ့၊ ညနေ ၆ နာရီခန့်မှစ၍ ည ၁၁ နာရီအချိန်အထိ မိုးရွာသွန်းကာ လေပြင်းမုန်တိုင်း တိုက်ခိုက်မှုကြောင့် သာသနာ့အဆောက်အဦးများ၊ စာသင်ကျောင်းများအပါဝင် လူနေအိမ်အများပြား ပျက်စီးသွားခြင်းဖြစ်သည်။

“အစပိုင်းတော့ မိုးဘဲရွာတာပါ။ နောက်မှ လေတိုက်လာပါတယ်။ ပျက်စီးသွားတာက တစ်မြို့နယ်လုံးပါဘဲ။ တောင်ကုန်းပေါ်က လူနေအိမ်တွေတော့ ပြိုကျပျက်စီးပြီး မြို့ပေါ် လူနေအိမ်တွေက အမိုးလန် ပျက်စီးသွားတာ ပိုများတယ်။ နှစ်ရှည် ထင်းရှူးပင်တွေလည်း ပြိုလဲကျပျက်စီးသွားကြတယ်။ လူထိခိုက် သေဆုံးမှုက မကြားရဘူး “ ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေပြင်းမုန်တိုင်း တိုက်ခိုက်မှုကြောင့် လူနေအိမ်၊ စာသင်ကျောင်း နှင့် သာသနာ့အဆောက်အဦများစွာ အမိုးလန် ပျက်စီးပြီး သစ်ပင်များ ပြိုလဲ၍ လမ်းများပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မတ်လ ၂၁ ရက်နေ့ မိုးလေဝသ သတင်းထုတ်ပြန်ချက်များအရ ချင်းပြည်နယ် နေရာအနှံအပြားတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းကြောင်း သိရသည်။

ဓာတ်ပုံ – မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#ချင်းပြည် #မင်းတပ် #လေပြင်းမုန်တိုင်း #လူနေအိမ်အဆောက်အဦး #ပျက်စီးပြိုကျ #Ayeyarwaddy_Times