
ဧရာဝတီတိုင်းမ်
မတ် ၂၁ရက်
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး နားဖော့ဒေသရှိစစ်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က နှစ်ရက်အတွင်း စခန်း ၄ခုအထိ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ် ၂၀ရက်နေ့တွင် နားဖော့ဒေသအတွင်း စစ်ကောင်စီစခန်း ငါးခုရှိသည့်အနက် စခန်း နှစ်ခုကို သိမ်းပိုက်ခဲ့ပြီး ယနေ့ မတ် ၂၁ရက်နေ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ /ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ် ဖြစ်ခဲ့ဖူးသည့် နားဖော့စစ်စခန်းနှင့် အူဂါရှန် စစ်စခန်းတို့ကို KIAက သိမ်းပိုက် ရရှိခဲ့ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတောက်လျှောက်ပစ်နေတယ်။ စခန်း ၄ခုအထိသိမ်းထားပြီးပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါနားဖော့ဒေသရှိ စစ်ကောင်စီ၏စခန်းများကို KIAက ပြီးခဲ့သည့် မတ် ၁၇ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး မတ်၂၀နှင့် ယနေ့ မတ်၂၁တို့တွင် စခန်းလေးခုကို သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၇ရက်နေ့က ပြန်လည်စတင်ခဲ့သည့် ကချင်စစ်ပွဲများအတွင်း KIA က တပ်စခန်း ၃၀ကျော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ချအညံ့ခံသည့် တပ်စခန်းများလည်းရှိကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် မတ် ၈ရက်ကလည်း ဒေါ့ဖုန်းရန်ရှိ စစ်ကောင်စီ၏ ခမရ-၁၄၂ တပ်ရင်းအတွင်းမှ တပ်ဖွဲ့ဝင်များ KIAထံလက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၉ ရက်နေ့ကလည်း ဆွမ်ပရာဘွမ် နှင့် ၅မိုင်အကွာတွင်ရှိသော စစ်ကောင်စီ၏ ဒိန်ဝါရွမ်စခန်း သိမ်းဆည်းခံခဲ့ရပြီး တပ်စခန်း သုံးခု တပြိုင်နက်တည်း တိုက်ခိုက်ခံနေရသည့်အတွက် ဆွမ်ပရာဘွမ် ရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့ KIA ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မတ်၇ရက်နေ့ကတည်းက ယခုထိသိမ်းပိုက်ရရှိခဲ့သည့် စခန်းများမှ အင်လုံခတပ်စခန်းမှလွဲ၍ ကျန်သည့် စခန်းအားလုံးကို KIA က ဆက်လက်ထိန်းချုပ်ထားကြောင်း သိရသည်။
ပုံစာ-ဘွမ်ရယ်ဘွမ်စခန်းကို NUGကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ လာရောက်ကြည့်ရှုစဥ်
#လိုင်ဇာ #နားဖော့ဒေသ #စစ်ကောင်စီ #KIAစခန်းသိမ်း #Ayeyarwaddy_Times