
ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက် ၇ လမ်း မှ အသက် ၅၅ နှစ်အရွယ် ကိုသန်းထွန်းအေး အား စစ်ကောင်စီနှင့်ရဲများမှရိုက်နှက် ဖမ်းဆီးသွားပြီး သေဆုံးခဲ့ရာတွင် အတက်ရောဂါဖြင့် သေဆုံးကြောင်း အထက်ဌာနများသို့ တင်ပြထားကြောင်း သတင်းရရှိသည်။
အဆိုပါရိုက်နှက်သတ်ဖြတ်မှုမှာ မတ်လ ၂၀ ရက်နေ့က ကြံခင်းမြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“တိုင်းအဆင့်ကို ပို့တဲ့ကြေးနန်းမှာ တော့ စစ်မှုထမ်းဖို့ လူစာရင်းကောက်နေတဲ့အဖွဲ့ကို သူကဆဲလို့ ရဲစခန်းကို ခေါ်ပြီး မေးနေတုန်း အတက်ရောဂါ ဖြစ်လို့ ဆေးရုံပို့တာဆုံးသွားတာလို့ သူတို့ကတင်ပြထားတယ်”ဟု ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ရွှေတောင်စုရပ်ကွက်တွင် စစ်မှုထမ်းရန်လူစာရင်းများကို စစ်ကောင်စီသတင်းပေး ကိုနိုင်ဆိုသူဦးဆောင်ပြီး လိုက်လံ ကောက်ယူနေရာမှ သေဆုံးသူမှ မကျေနပ်ကြောင်းပြန်လည် ပြောဆိုရာတွင် စစ်တပ်နှင့်ရဲကို တိုင်ကြားခဲ့သောကြောင့် လာရောက် ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအတွင်းမှာပင်အလောင်းကို လာထုတ်ခိုင်းကြောင်း ရပ်ကွက်တွင်း နေထိုင်သူများကပြောသည်။
“စခန်းကိုခေါ်တာ တရွတ်တိုက်ဆွဲပြီးစစ်သားနဲ့ ရဲတွေ တစ်လမ်းလုံး ကန်သွားတာ သိပ်မကြာဘူး။ သူ့နှစ်မကို ဆေးရုံလိုက်လာဖို့ လာပြောပြီး နေ့လည်ဆို အလောင်းပဲပြန်ရတော့တာ အတက်ရောဂါနဲ့ ဆုံးတာမဖြစ်နိုင်ဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
သေဆုံးသူ ၏ အလောင်းကို ခွဲစိတ်ရာတွင် နံရိုးများကျိုးနေခြင်း၊လည်ပင်းတွင် အညှိအမဲ ဒဏ်ရာများ ၊ ရင်ဘက်တွင် ထိုးနှက်ထားသည့် ဒဏ်ရာများတွေ့ရှိရကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရှိရသည်။
လက်ရှိသေဆုံးသူ ကိုသန်းထွန်းအေး ဆိုသူသည် ယခင်က ရဲအရာရှိအဆင့်မှ ထောင်ကျကာအလုပ်ပြုတ်လာသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီခန့် သတင်းပေးများကို မကျေနပ်ကြောင်း ပြောဆိုမိရာမှ နာရီပိုင်းအတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရခြင်း ဖြစ်သည်။
#ကြံခင်းမြို့နယ် #ရွှေတောင်စုရပ်ကွက် #ဦးသန်းထွန်းအေး #Ayeyarwaddy_Times