
ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
ကရင်နီပြည်နယ်အတွင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ပညာရေး ဌာနအနေဖြင့် အခြေခံပညာရေး နှင့် အဆင့်မြင့်ပညာရေးအတွက် အကောင် ထည်ဖော် ကြိုးစားဆောင်ရွက်မှုများရှိနေပြီး ယခုအခါ အခြေခံပညာ ကျောင်းပေါင်း ၃၀၀ ကျော်နှင့် ဆရာ၊ ဆရာမ ၃,၀၀၀ ကျော်ကို ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
IEC ပညာရေးဌာနအနေဖြင့် အခြေခံပညာနှင့် အဆင့်မြင့်ပညာရေးများကို ပြင်ပ အလှူရှင်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုနှင့်အတူ ဒေသခံပညာရေးအဖွဲ့အစည်းများ၊ မြို့နယ်ဘုတ်အဖွဲ့၊ ဆရာများသမဂ္ဂအအဖွဲ့များနှင့် ချိတ်ဆက်ကာ ကြိုးပမ်းဆောင်ရွက် မှုများ ပြုလုပ်နေပြီး အခြေခံပညာကျောင်းပေါင်း ၃၀၀ ကျော်ရှိ ဆရာ၊ ဆရာမ ၃,၀၀၀ ခန့်ကို ထောက်ပံ့ကြေးများနှင့် သင်ထောက်ကူပစ္စည်းများ ကူညီပံ့ပိုးပေးနေကြောင်း သိရသည်။
“ပညာရေးမှာ လက်ရှိအဓိကလိုအပ်နေတာကတော့ ကလေးတွေရဲ့လုံခြုံရေးဖြစ်ပါတယ်။ စစ်ကောင်စီက ကျောင်းတွေကိုပစ်မှတ်ထားပြီး လေယာဥ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ထုတာတွေကြောင့် ကလေးတွေထိခိုက်သေဆုံးတာတွေရှိပါတယ်။ နောက်တစ်ခါ ငွေကြေးနဲ့ နည်းပညာထောက်ပံ့မှုပဲ ဖြစ်ပါတယ်။ ကျောင်းသုံးပစ္စည်းနဲ့ ဆရာ၊ ဆရာမ မလုံလောက်တဲ့ပြဿနာလည်းရှိပါတယ်။ ကျောင်းသားဦးရေလည်း အဆမတန်များလာ တာကြောင့် လိုအပ်ချက်က များစွာရှိနေပါတယ်” ဟု IEC ပညာရေးဌာနမှ ဌာနမှူးကြီး ဆရာမ မော်မိမာ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆင့်မြင့်ပညာရေးတွင်လည်း ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် တက္ကသိုလ်၊ ကောလိပ်၊ Alternative ကျောင်းများ နှင့် ချိတ်ဆက်ကာ လိုအပ်သည့် ပံ့ပိုးမှုများကို ကူညီဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထို့ပြင် ကရင်နီပြည်နယ်အတွင်း ဆေးတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး သူနာပြု တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ ကရင်နီအမျိုးသားကောလိပ်၊ ဆယ်သဲကောလိပ် စသည့် အဆင့်မြင့်ပညာရပ်များကို သင်ကြားပေးနေသည့် ကျောင်းများ ရှိကြောင်းလည်း သိရသည်။
“လက်ရှိမှာ ကျောင်းအများစုဖွင့်လှစ်ကြပါတယ်။ စစ်ရှောင်စခန်းတွေမှာလည်း စာသင်ကျောင်းတွေရှိကြပါတယ်။ ကျွန်မတို့ကရင်နီပြည်မှာ စစ်ကောင်စီ ကျောင်းတွေ မရှိတော့ပါဘူး။ ကျောင်းအားလုံးက တိုင်းရင်းသားနဲ့ ရပ်ရွာအခြေပြု ကျောင်းတွေ ဖြစ်ကြပါတယ်။ အဓိကကတော့ ကလေးတွေပညာရေး အဆက်မပြတ်သွားစေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဒေသခံလူထုများနှင့်ပူးပေါင်း၍ တတ်နိုင်သည့် နည်းလမ်းဖြင့် ပညာရေးလုပ်ငန်းများကို ကြိုးစားအကောင်အထည်ဖော်နေပါတယ်” ဟု ဌာနမှူးကြီး ဆရာမ မော်မိမာ က ဆက်လက်ပြောကြားသည်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးဝန်ထမ်းများကို လစာပုံမှန် ပေးသွားနိုင်ရန် ကြိုးပမ်းနေသော်လည်း ရန်ပုံငွေအခက်အခဲများကြောင့် ပုံမှန် ပေးသင့်သည့် လစာတန်ဖိုးကို ပေးနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။
ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ၏ နယ်မြေထိန်းချုပ်နိုင်မှုများ လျော့နည်း လာသည်နှင့်အမျှ အစိုးရအုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုများလည်း ရပ်တန့်လာသည့် အတွက် ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စစ်ကောင်စီ၏ ပညာရေးဌာနက ပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ကရင်နီတွင် ကျင်းပခြင်းမရှိကြာင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ကရင်နီ #IECပညာရေးဌာန #အခြေခံပညာရေး #အဆင့်မြင့်ပညာရေး #ဆေးတက္ကသိုလ် #Ayeyarwaddy_Times