
နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မအူပင်မြို့နယ် ပညာရေး မှူးသည် ပညာရေးဌာနအတွက် အသုံးပြုရမည့်ငွေကျပ် သိန်း ၃၀၀ နီးပါးကို ကိုယ်ကျိုးအတွက်သုံးကာ အလွဲသုံးစားလုပ်ထားကြောင်း Non CDM ပညာရေးဝန်ထမ်းများထံက သိရသည်။
မအူပင်မြို့နယ် ပညာရေးမှူး ဒေါ်စန်းယုမော်သည် ၂၀၂၃ /၂၀၂၄ ဘဏ္ဏာနှစ် အခြေခံပညာ ကျောင်းများ၏ ခရီးစရိတ်ကို သင်တန်းတတ်ရောက်ခဲ့ကြသည့် ဆရာ/ဆရာမ များအားထုတ်ပေးခြင်းမပြုဘဲ ကျပ်ငွေ သိန်း ၃၀၀ ခန့်ကို အလွဲသုံးစား ပြုလုပ်ခဲ့ ကြောင်းသိရသည်။
“ဖောင်ကြီး သင်တန်းသွားတတ်ထားတဲ့ ခရီးစာရိတ်ဆိုရင် ဒီနေ့အထိ ထုတ်မပေးဘူး။ အခုဆိုရင် ၁ နှစ်ကျော်နေပြီ။ ကျွန်မတို့ဆို မအူပင်မြို့နယ်စပ် ကျောင်းကပါ။ ဒီနှစ်လည်း ဘယ်ကျောင်းအုပ်တွေကိုမှ ခရီးစရိတ် ထုတ်ပေးတာမရှိဘူး။ ပညာရေးဌာနက ဘဏ္ဏာရေးနှစ် အတွက်အသုံးစရိတ် သိန်း ၃၀၀ လောက် ရထားတာ။ ပညာရေးမှူးက ကျောင်းဆရာ/ဆရာမတွေကို ထုတ်ပေးတာမရှိဘဲ အလွဲ သုံးစားလုပ်ထားတာ” ဟု မအူပင်မြို့ အစွန်းအဖျားရှိ ကျေးရွားတစ်ခုတွင် တာဝန်ကျနေသည့် Non CDM ကျောင်းဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မအူပင်မြို့နယ် ပညာရေးမှူးသည် ပညာရေးခရီးစာရိတ်တင်သာမက အခြေခံပညာ ကျောင်းများအတွက် စာကြည့်တိုက် စာအုပ်များဝယ်ယူရာတွင် မူလတန်းကျောင်းများ ၅၀၀၀၀ ကျပ် ၊ အလယ်တန်းအဆင့် ၁၀၀၀၀၀ ကျပ်၊ အထက်တန်းအဆင့် ၂၀၀၀၀၀ ကျပ်ကို စာအုပ်တိုက်များဖြင့် ချိတ်ဆက်၍ နှစ်ဆယ်ရာခိုင်နှုန်း အမြတ်ယူကာ ဝယ်ယူပေးခဲ့ကြောင်း Non CDM ပညာရေး ဝန်ထမ်းများက ဆိုသည်။
မအူပင်မြို့နယ်ရှိ အခြေခံပညာဦးစီးဌာနသည် ကျောင်းဆရာ/ဆရာမများ၏ ပညာရေး အသုံးစရိတ်များကို အလွဲသုံးစားပြုလုပ်နေသည့်အပြင် ပြောင်းရွှေ့နေရာချထားမှု များ တွင်လည်း ငွေကြေးများရယူ၍ ပြောင်းရွှေ့လိုသည့် နေရာများသို့ ပြောင်းရွှေ့ ပေးကြောင်း စစ်ကောင်စီ၏ ပညာရေးဌာနနှင့်နီးစပ်သူများထံက သိရသည်။
#မအူပင်မြို့နယ် #ပညာရေးမှူး #ပညာရေးဌာနအသုံးပြုငွေ #အလွဲသုံးစားပြုလုပ် #Ayeyarwaddy_Times